နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၂
ရခိုင်ပြည်လွတ်မြောက်ရေး(ALP) ဗဟိုကော်မတီဝင် “ခိုင်မြသာ”ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကဖမ်းဆီးထားခြင်းမရှိကြောင်းနှင့် ၎င်းဖြစ်ရပ်မှာ ALP၏ ပါတီတွင်း ပြဿနာသာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခကနိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
"ကျနော်တို့ဘက်က ဖမ်းဆီးထားတယ်ဆိုတာက လုံး၀မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော်တို့ အဖွဲ့အစည်းနဲ့သော်လည်းကောင်း၊ ကျနော်တို့အဖွဲ့ဝင်နဲ့သော်လည်းကောင်းတစ်စုံတစ်ရာ ပတ်သက်မှုမရှိပါဘူး။ ဒါကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တစ်ခုလို့ပဲပြောလိုပါတယ်။ ဒါဟာ ALP ပါတီတွင်း အချင်းချင်းကြားက မပြေလည်တဲ့ပြဿနာတွေကြောင့် သူတို့အချင်းချင်းကြားမှာဖမ်းဆီးထိန်းသိမ်းထားတဲ့ပြဿနာလို့ပဲ သုံးသပ်ပါတယ်"ဟု ပြောသည်။
ယခုရေးသားပြောဆိုမှုများမှာ စွပ်စွဲပြောဆိုချက်သာဖြစ်ကြောင်း၊ လက်ရှိ ဦးခိုင်မြသာ ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်များက အိန္ဒိယနယ်စပ်ရှိ ရခိုင်ရွာများမှ ဒေသခံတချို့ ဖမ်းဆီး ထိန်းသိမ်းနှိပ်စက်ခံရမှုများရှိနေကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။
" ဒီခိုင်မြသာ ပျောက်ဆုံးနေတဲ့ကိစ္စမျာ ကျနော်တို့နဲ့လုံး၀ပတ်သက်မှု မရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနယ်စပ်မှာရှိတဲ့ ရခိုင်ရွာတွေက ဒေသခံရခိုင်ပြည်သူတွေကိုအိန္ဒိယအာဏာပိုင်တွေကနေပြီး ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ညှင်းပန်းမှုတချို့ရှိတယ်လို့လည်းသိ၇ပါတယ်"ဟု ပြောသည်။
ယခုကဲ့သို့ ALP ပါတီတွင်းမှ အချင်းချင်းမပြေလည်မှုပြဿနာသည်ဒေသခံပြည်သူများကိုပါ ဆိုးကျိုးသက်ရောက်မှုရှိလာနေ၍ ALP ပါတီမှ သက်ဆိုင်သူများအနေနှင့် ပါတီတွင်းပြဿနာများ ပြည်သူလူထုထံ ဆိုးကျိုးမသက်ရောက်စေရန်ထိမ်းသိန်းပေးသင့်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။
(ALP)၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးခိုင်မြသာအား သူ၏ အမျိုးသမီးနေထိုင်ရာအိန္ဒိယနိုင်ငံမီဇိုရမ်မြန်မာနယ်စပ် ရွာသစ်ကျေးရွာတွင် နိုဝင်ဘာလ(ရ)ရက် မင်္ဂလာဆောင်သည့်နေ့ညနေဖက်တွင် ပျောက်ဆုံးသွားခဲ့သည်။
အဆိုပါ ဦးခိုင်မြသာပျောက်ဆုံးမှုမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)မှ လူ့ကျင့်ဝတ်ကင်း မဲ့စွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အတွက် ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာ ၁၀ရက်ALP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက "ကျမအနေနဲ့ ပြောချင်တာက ရခိုင်ပြည်နဲ့ ၇ခိုင်လူမျိုးအတွက် အလုပ်လုပ်နေကြတဲ့ အမျိုးသား အချင်းချင်းကြားမှာ မဖြစ်သင့်မဖြစ်အပ်တဲ့ ကိစ္စတွေမဖြစ်ချင်ပါဘူး။အန္တရာယ်ရှိပါတယ်။ အဓိကအားဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေး၊အမျိုးသားရင်ကြားစေ့ရေးအတွက် အင်မတန်အဟန့်အတားဖြစ်စေပါတယ်"ဟု ပြောသည်။
ဦးခိုင်မြသာသည် အိန္ဒိယနိုင်ငံတရိပူရတွင် မွေးဖွားကြီးပြင်းသော ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီးရခိုင်ပြည်အတွက် ငယ်စဉ်ကတည်းက သူတတ်နိုင်သည့်ဖက်မှ အားတက်သရော လုပ်ဆောင်လာသူဖြစ်သည်ဟု ဆိုသည်။
ULA/AAယခုကဲ့သို့ ပြုမူလုပ်ဆောင်ချက်များသည် ရခိုင်ပြည်ရှိ နိုင်ငံရေးအင်အားစုများအကြား ညီညွတ်ရေးကို ပျက်ပြားစေသည် သာမက အိန္ဒိယနိုင်ငံနေ ရခိုင်လူမျိုးများနှင့်ရခိုင်ပြည်ရှိ ရခိုင်လူ့အသိုင်းအဝိုင်းနှစ်ခုအကြား ချစ်ခင်မှု၊ စည်းလုံး ညီညွတ်မှုတို့ကိုပါထိပါးပျက်စီးစေကြောင်း ထိုထုတ်ပြန်ချင်တွင် ရေးသားထားသည်။
၎င်းပြင် ULA/AA သည် ၂၀၂၂ ခုနှစ်တစ်နှစ်တည်းတွင်ပင် ALP မှ ခေါင်းဆောင်များအဖွဲ့ဝင်များ၊ ပါတီနှင့်ဆက်စပ်သည့် သံဃာတော်များ၊ကလေးငယ်များပါမကျန် ရည်ရွယ်ချက်ရှိရှိ နေရာတကာ၌ ဖမ်းဆီးခဲ့ပြီး ULA/AAမှ (ဩဂုတ်လအတွင်း) ဖမ်းဆီးထားသည်မှာ ၁၆ ဦးခန့်ရှိပြီး ယခု ဦးခိုင်မြသာ အပါအဝင်ဆိုလျှင် (၁ရ) ဦးအထိ ရှိပြီဖြစ်ကာ ယနေ့အချိန်အထိလွှတ်ပေးခြင်း မရှိသေးကြောင်း ALP ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယခုကဲ့သို့ ULA/AA ၏ လုပ် ဆောင်ချက်ကိုပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် ၇ခိုင်တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်တ ိုက်တွန်းကြောင်းလည်း ရေးသားထားသည်ကို တွေ့၇သည်။ (NN-7)