နိရဉ္စရာ၊ နိုဝင်ဘာ ၁၁/၂၀၂၂
စစ်ကောင်စီတပ်မှပုဏ္ဏားကျွန်းမြို့နယ်ရှိ လူနေကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းနှင့်ကျေးရွာသားများကို သတ်ဖြတ်ခြင်းများပြုလုပ်နေ၍ ဆင်အင်းကြီး ကျေးရွာအပါအဝင်ကျေးရွာလေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်းသိ၇သည်။
ရွာလုံးကျွတ်ထွက်ပြေးနေကြရသောကျေးရွာများမှာ ဆင်အင်းကြီးကျေးရွာ၊ ပဒေသာရွာဟောင်း၊ ပဒေသာရွာသစ်၊ ငှက်ကြီးကျွန်းကျေးရွာတို့မှဒေသခံများဖြစ်ကြပြီး ခန့်မှန်းခြေလူဦးရေစုစုပေါင်း တစ်ထောင်ကျော်နိုင်ကြောင်းလည်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည်ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ရ နာရီကျော်ခန့်က ဆင်အင်းကြီးကျေးရွာနှင့် ပဒေသာကျေးရွာကြားရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ၎င်းတို့၏ရိက္ခာတင်လာသည့် ကားနှစ်စီးကို ရက္ခိုင့်တပ်တော်(အေအေ)ကမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင်ယင်းအနီးအနားရှိ ကျေးရွာများသို့ စစ်၇ဟတ်ယာဉ်များနှင့် လက်နက်ကြီးများကို တစ်နေ့လုံးနီပါးပစ်ခတ်ခဲ့ကြကြောင်းဒေသခံများကပြောသည်။
ထိုသို့လက်နက်ကြီးများ၊စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေမှုကြောင့် ရွာထဲတွင် မနေရဲတော့ဘဲ နီးစပ်ရာကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ပဒေသာကျေးရွာသားတစ်ဦးကပြောသည်။
"ရွာမှာတစ်ယောက်မှ မနေရဲကြတော့ဘူး။တစ်ယောက်မှ မရှိကြတော့ဘူး။ ဒီနေ့မနက်ကတော့ လက်နက်ကြီးနှစ်လုံးပစ်ခဲ့သေးတယ်။ တခြားရွာတွေကိုခိုလှုံနေကြတဲ့အခါတော့ သိတဲ့သူအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောပြီးနေနေကြရတာပါ။ဒုက္ခရောက်လာတဲ့အခါမှာတော့ တွဲခေါ်လို့နေပေးကြတဲ့နေရာတွေမှာ နေရပါတယ်။ ထမင်းဆိုလည်းဒီလိုမျိုး ကိုယ်တို့ရခိုင်တွေအချင်းချင်း တောင်းပြီးစားသောက်နေကြ၇ပါတယ်" ဟုပြောသည်။
ထို့အပြင်စစ်ကောင်စီတပ်သားများသည် ယမန်နေ့ညနေ လေးနာရီကျော်ခန့်မှစ၍ ဆင်အင်းကြီးကျေးရွာအထဲသို့ဝင်ရောက်လာပြီး ကျေးရွာသားများ၏ နေအိမ် ရ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၈၀ ကျော်အရွယ်အဘွားအိုတစ်ယောက်အပါအဝင် ရွာသားဆယ်ဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ကျေးရွာသားများကပြောသည်။
"သူတို့အိမ်မှာရှောင်ပြီးကျန်နေခဲ့တဲ့သူတွေဟိုကစစ်သားတွေလူအုပ်နဲ့ အများလာတဲ့အခါရှောင်လို့မ၇ဘဲ အသတ်ခံလိုက်ရတာပါ။အဘွားအိုတစ်ယောက်လည်း ပါသေးတယ်။ သူကအိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာပါ။ သားသမီးတွေကလည်းပြေးသွားကြတယ်။ ဒီလိုမျိုးအိမ်တွေမှာ ပြေးဖို့မရဘဲ ကျန်ခဲ့ကြတယ် သက်ကြီးပိုင်းတွေလည်းရှိသေးတယ်။အခြားသူတွေတော့ အသတ်ခံရတဲ့အထဲမပါသွားတာလည်းရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း သွားလို့ပြေးလို့မလွယ်တဲ့ကလေးတွေ၊ သက်ကြီးပိုင်းတွေကျန်ခဲ့တယ်" ဟုပြောသည်။
လက်ရှိတိမ်းရှောင်နေကြရာတွင်ကျေးရွာငယ်များသို့ တိမ်းရှောင်နေကြ၇သည်ဖြစ်သည့် အတွက်ပုဏ္ဏားကျွန်းမြို့သို့ ဈေးသွားဝယ်ရန်အဆင်မပြေ၍ စားနပ်ရိက္ခာအလွယ်တကူ ဝယ်ယူလို့မ၇ဖြစ်နေကြောင်းဒေသခံတစ်ဦးကပြောသည်။
"ဆန်၊ ဆီ၊ ဆားတွေ လွယ်လွယ်ဝယ်လို့မရဘူးဖြစ်နေပါတယ်။ဒီနေရာတွေက ရွာကြီးတွေ မဟုတ်ဘဲရွာငယ်တွေဆိုတော့ ပုဏ္ဏားကျွန်းကို နေ့တိုင်းသွားနေ၇မှ ထွက်ငွေဝင်ငွေတွေလည်း ၇သလိုဈေးလည်းဝယ်နိုင်မယ်လေ။ ဒီမှာက တစ်လစာနှစ်လစာပေါင်းပြီး ဝယ်ထားတာမျိုးတွေ မရှိဘူးလေ။ လမ်းတွေကလည်းသွား၇အဆင်မပြေတော့ အခက်ဖြစ်နေပါတယ်"ဟုပြောသည်။
ဆင်အင်းကြီးကျေးရွာမှနေအိမ်မီးရှို့ခံလိုက်ရသည့် ဒေသခံတစ်ဦးက "အားလုံးပါသွားပါတယ်။ မီးရှို့ခံ၇တယ်ဆိုတော့ပျက်ဆီးသွားပြီးလေ။ ပျက်စီးသွားတာကို ကိုယ့်အိမ်တစ်လုံး ပျက်စီးသွားတာပြန်ဆောက်ရမှာ မလွယ်တော့ဘူး။ ကျနော်တို့ရဲ့နေရာတွေက သူတို့(စစ်သားတွေ)ကို ဝင်ခံစားပြီးကြည့်စေချင်ပါတယ်။ ဒါပါပဲ" ဟုပြောသည်။
လက်ရှိတွင်ယနေ့နံနက် ၈ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းနှင့် ကွမ်းတောင်ကျေးရွာရှိ ဘူတာရုံတွင် စခန်းချနေထိုင်သောစစ်တပ်မှလက်နက်ကြီးများ ပစ်ခတ်မှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့နိုဝင်ဘာလ ၁၀ ရက် နံနက် ရ နာရီကျော်ခန့်က၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့်ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကို ရက္ခိုင့်တပ်တော်(အေအေ)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့ပြီးနောက်တွင်စစ်တပ်က လူနေကျေးရွာများ အနီးဝန်းကျင်ကို လက်နက်ကြီးများ ပစ်ခတ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်းသိ၇သည်။
အဆိုပါစစ်ကောင်စီတပ်မှရဟတ်ယာဉ်နှင့် ဒရုန်းများကို အသုံးပြု၍တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှကျောင်းသားလူငယ် ၂ ဦးအပါအဝင် အနည်းဆုံး ဒေသခံ ရ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
(NN-8)