နိရဥ္စရာ၊နိုဝင်ဘာ ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် ရွှေပြည်နှင့် ရွှေပြည်သစ်ကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ အသက် ရ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ရွာသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။
ယနေ့နိုဝင်ဘာ (၁၁) ရက် နေ့လယ် ၁ နာရီခန့်တွင် ကျောက်တော်အခြေစိုက် စကခ(၉) တပ်မမှ လက်နက်ကြီး(၃) လုံး ပစ်ခတ်ရာ ရွှေပြည်ကျေးရွာတွင် တစ်လုံး၊ ရွှေပြည်သစ်ကျေးရွာတွင် နှစ်လုံးကျရောက်ကာနေအိမ်ပျက်စီးမှု နှင့် လူထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေခြင်းဖြစ်သည်။
"ကျနော်တို့ရွာက အိမ်တစ်အိမ်မှာလက်နက်ကြီးကျလို့ ၄ ယောက်ဒဏ်ရာရနေပါတယ်။ အခုလက်ရှိ သွေးအိုင်ထဲလဲနေပါတယ်။ ရွှေပြည်မှာလည်းအိမ်တစ်အိမ်မှာကျပြီး တစ်ယောက်ဒဏ်ရာရပါတယ်"ဟု ရွှေပြည်သစ်ကျေးရွာသားတစ်ဦးက ပြောသည်။
ရွှေပြည်သစ်ကျေးရွာမှဦးမောင်သိန်းအောင်နေအိမ်သို့ လက်နက်ကြီးကျည်ကျကာ
ဦးမောင်သိန်းအောင်(၇၅) နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဦးမြအေး(၇၀) နှစ် ၊ သမီးဖြစ်သူ မေကြီး(၃၂) နှစ် နှင့်မြေးဖြစ်သူ မခိုင်ဇင်ဖြိုး( ၇) နှစ် တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
ရွှေပြည်ကျေးရွာတွင်လည်းလက်နက်ကြီးကျည်ကျကာ (၇) နှစ်အရွယ် မလှလှကျော့မှာလည်း ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
လက်ရှိကျောက်တော်နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိ ပြည်သူလူထုကို တမင်ရည်ရွယ် ပစ်ခတ်ခြင်း ဖြစ်ကြောင်းလည်းဒေသခံများက ပြောသည်။
ယနေ့နံနက်က ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာတွင် လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေဆုံးပြီး နောက်ထပ်ပြင်းထန်ဒဏ်ရာ ရရှိသွားသူကိုလည်း ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးသွာခဲ့ကြောင်းသိ၇သည်။
ယမန်နေ့ညနေပိုင်းတွင် ဆင်အင်းကြီးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် သွားပြီးနောက်ရွာထဲရှိ နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားခဲ့သလို ယနေ့နံနက်ပိုင်းကလည်း ရွာထဲတွင်ပစ်သတ်ခံထား၇သည့် အဖွားတစ်ဦးပါ ၉ ဦး၏အလောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု သိ၇သည်။ (NN-7)