စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာတွင်လက်နက်ကြီးကျည်ထိမှန်ကာ ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကျည်စထိမှန်သည့်ကလေးငယ်အခြေအနေစိုးရိမ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 930

နိရဥ္စရာ၊ နိုဝင်ဘာ ၁၂/ ၂၀၂၂

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာတွင် လက်နက်ကြီးကျည်ထိမှန်ကာ (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျည်စထိမှန်သည့် ကလေးငယ်မှာ အခြေအနေစိုးရိမ်ရကြောင်း မိသားစုဝင်များက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ဦးလှထွန်းခိုင်၏သား ကိုခိုင်ဝင်း(၁၂) နှစ်နှင့် ဒေါ်မတင်သိန်း(၅၅) နှစ်တို့ဖြစ်ကြသည်။

ယနေ့ နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီတွင် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာထဲကို စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် တောင်ဖြူတောင်မှ လက်နက်ကြီးပစ်ခတ်ခဲ့၍ ရွာသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"တောင်ဖြူတောင်ကနေ လက်နက်ကြီး ၃ လုံးပစ်တာ ရွာထဲကို တစ်လုံးလာကျတယ်။ ဒီမှာက ဘာမှဖြစ်နေတာမရှိဘူး။ အပြန်အလှန်ပစ်ခတ်မှုလည်းမရှိ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်သက်နေတာကို တမင်ပစ်လိုက်တာပါ။ အခု ကလေးတစ်ယောက်နဲ့ အမျိုးသမီးကြီးတစ်ဦး ထိခိုက်သွားပါတယ်"ဟု ပြောသည်။

ထိခိုက်ရရှိမှုအခြေအနေကို မောင်ကိုခိုင်ဝင်း၏မိသားစုဝင်တစ်ဦးက "ကလေးလေးကတော့ စိုးရိမ်ရပါတယ်။ သူ့မှာ ဝဲဘက်လက်မောင်းအောက်ကို လက်နက်ကြီးကျည်စလာကျပါတယ်။ လက်နက်ကြီးက သူတို့ခြံထဲမှာကျပြီး သူ့ဆီကျည်စလာစဉ်တာပါ။ အမျိုးသမီးကြီးကတော့ ပေါင်မှာထိပေမယ့် မစိုးရိမ်ရပါဘူး"ဟု ပြောသည်။

လက်ရှိမှာ ဒဏ်ရာရရှိသူများကို မြောက်ဦးဆေးရုံသို့ ယူဆောင်လာပြီဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျရောက်ကာ ထိခိုက်ဒဏ်ရာရရှိမှုများကြောင့် ကျောင်းတောင် ကျေးရွာသားများမှာလည်း မြောက်ဦး၊ ဂုဏ်ကျွန်း နှင့် အနီးအနားကျေးရွာများကို ထွက်ျပြးတိမ်းရှောင်နေကြကြောင်း သိရသည်။

ရခိုင်မှာ နေ့စဉ်လက်နက်ကြီးကျည်စထိမှန်မှုကြောင့် လူထိခိုက်သေဆုံးမှုများ၊ နေအိမ်ပျက်စီးမှုများရှိလာနေကာ ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် တစ်ရက်တည်းတွင်ပင် လက်နက်ကြီးကျည်စထိမှန်ကာ (၂) ဦးသေဆုံးပြီး လူပေါင်း (၁၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(NN-7)

ဆက်စပ် သတင်းများ