နိရဉ္စရာ ၊ နိုဝင်ဘာ ၁၂/၂၀၂၂
၇ခိုင်ပြည်နယ်၊စစ်တွေမြို့အဝင်အထွက်ကို စစ်ကောင်စီကပိတ်ဆို့ထား၍အထွေထွေစားသုံးကုန်များ၏ ဈေးနှုန်းမှာ တစ်ဟုန်ထိုး မြင့်တက်လာသည်ဟုသိ၇သည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၁၀ရက်နေ့က စစ်တွေအဝင်အထွက်တပ်ထိန်းဂိတ်ကိုစစ်ကောင်စီက လုံခြုံရေး အရအကြောင်းပြပြီး၊ တပ်ထိန်းဂိတ်ကိုပိတ်ဆို့ထားသည့်အတွက်ကြောင့်ကုန်ကားရာချီခန့်မှာ စစ်တွေမြို့ အတွင်းသို့ ဝင်ခွင့်မရရှိဘဲအဝေးပြေးလမ်းပေါ်တွင် သောင်တင်ပိတ်မိနေသဖြင့် အထွေထွေစားသောက်ကုန်စိမ်းအချို့မှာ ဈေးနှုန်းတဟုန် ထိုးမြင့်တက်လာ၇ကြောင်း ဒေသခံများကပြောသည်။
လက်ရှိစစ်တွေမြို့တွင် ကြက်သွန်နီတစ်ပိသာလျှင် ၅၀၀၀ ကျပ်နှုန်း၊ကြက်သွန်ဖြူတစ်ပိသာလျှင် ၄၀၀၀ ကျပ်နှုန်း၊ ငရုတ်သီးစိမ်းတစ်ပိသာလျှင် ၁၀၀၀၀ ကျပ်၊ လူသုံးများသည့်စားသုံးဆီ Good choice တစ်ဘူးကို ၆၀၀၀ကျပ်၊ ဂေါ်ဖီဖူးတစ်ဖူးလျှင် ၆၀၀၀ ကျပ်၊ ခရီးချဉ်သီး တစ်ပိသာလျှင် ၈၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံးလျှင်၃၅၀ ကျပ်နှုန်းအထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေကြောင်း သိ၇သည်။
မြို့ခံတစ်ဦးက " ရန်ကုန်က ကုန်ကားတွေလည်းအခု ဝင်ခွင့်မ၇တော့ ကုန်ဈေးနှုန်းတွေကလည်း အကုန်ဈေးတက်လာတယ်။ အရင်က ကန်းစွန်းရွက်၂၀၀၊ ၃၀၀ဖို့ ဝယ်ရင် တစ်ရက်စားလို့ရတယ်။ အခုက ကန်းစွန်းရွက် ကျပ် ၅၀၀ဖို့ဝယ်ရင်တောင် တစ်နပ်စာတောင်မလောက်ငဘူး " ဟုပြောသည်။
လက်ရှိစစ်တွေမြို့ရှိ တချို့ကုန်စိမ်းများကို ပိုက်ဆံပေးပြီး၊အလုအယက်ဝယ်နေရသောကြောင့် မရှိဆင်းရဲ့သားများအဖို့မှာ အငတ်ဘေးနှင့်ကြုံရနိုင်ကြောင်းစစ်တွေမြို့ရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။
" အရင်ကဆိုရင် ငရုပ်သီးတစ်ပိဿကို ၂သောင်း၊အခုက ၂သောင်း၄ထောင်နဲ့တောင် မနည်းလိုက်ရှာရတယ်။ အဒေါ်ကမုန့်တီရောင်းတယ်။ ရခိုင်သင်္ဘောသီးသုပ်လည်းရောင်းတယ်။သင်္ဘောသီးဈေးမှာရှာမတွေ့ဘူး။ တွေ့တဲ့နေရာမှာလည်း ပိန်ကပ်ပြီးအလုံးလည်းမလှဘူး။ အဲ့ဒီအလုံးလောက်ကို အရင်ကဆိုရင် ၃၀၀တန်၊၄၀၀တန်ပေါ့။ အခုက ၇၀၀ ပေးလို့ အလုအယက် ဝယ်ကြ၇တယ်။သင်္ဘောသီးသုပ်ရောင်းရင် ၂၀၀ဖိုး၊၃၀၀ဖိုး၊၅၀၀ဖိုးပေါ့။အခြေအနေကြည့်ပြီး ရောင်းစားရတာ။မရှိဆင်းရဲသားတွေဆိုရင် ငတ်ဖို့ပဲရှိတော့တယ်" ဟုပြောသည်။
ယခုကဲ့သို့ စစ်တွေမြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့်အထွေထွေ စားသောက်ကုန် ဈေးနှုန်းများတရှိန်ထိုးမြင့်တက်လာနေသဖြင့် လက်လုပ်လက်စား ပြည်သူများမှာ ပို၍အခက်အခဲဖြစ်နေကြ၇ပြီး လမ်းများအမြန်ဆုံးဖွင့်ပေးစေချင်ကြောင်းလည်းစစ်တွေမြို့ခံ တစ်ဦးကပြောသည်။
"မနေ့ကတော့ ငရုတ်သီးစိမ်းလည်း လုံး၀ရှာမ၇ခဲ့ဘူး။ ဒါတွေက လမ်းကြောင်း ပိတ်ဆို့မှုတွေနဲ့ ဆိုင်တယ်။ ကုန်စိမ်းတွေက လေယာဉ်နဲ့မတင်နိုင်ဘူးလေ။ ကားနဲ့ပဲလာရတော့ကားလမ်းတွေ ပိတ်ထားတဲ့အခါ အားလုံးစားသုံးသူတွေရော ကုန်သည်တွေရော ကားသမားတွေရော ဒုက္ခရောက်ရပါတယ်။ဆင်းရဲသူ ဆင်းရဲသားတွေကတော့ ပိုပြီးအခက်အခဲကျပါတယ် ဒီအတောအတွင်းမှာ။ အခုက ကုန်စိမ်းကားတွေကပိုဈေးနှုန်းမြင့်တာရှိတယ်။ ဗမာပြည်ဘက်က လာ၇တဲ့ ပစ္စည်းတွေအားလုံးက ဈေးမြင့်နေပါတယ်" ဟုပြောသည်။
စစ်တွေတွင်ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက်၊ညနေ ရနာရီကျော်အချိန်ကစစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင်နေထိုင်သူ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးဦးသက်ဦး သေနတ်ဖြင့် ပစ်ခတ်ခံ၇မှုဖြစ်ပြီးနောက်၊ ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်နေ့ကစ၍ စစ်တွေအဝင်အထွက်တပ်ထိန်းဂိတ်နှင့် ကျောက်တန်း စစ်ဆေးရေးဂိတ်တွင် ကုန်ကားများနှင့် ခရီးသည်တင်ကားများကိုစစ်တပ်မှတင်းတင်းကျပ်ကျပ်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း ကားသမားများမှ တစ်ဆင့်သိ၇သည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ရ နာရီခန့်ကပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေအမြန်လမ်းပေါ်တွင်တိုက်ခိုက်ခဲ့ပြီးနောက်တွင် ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းပေါ်၌ ပိတ်မိနေသည့် ကုန်ကားအစီးရေ ပေါင်း ၅၀၀ ကျော်ခန့်ရှိကြောင်းသိ၇သည်။
(NN-13/8)