နိရဥ္စရာ၊နိုဝင်ဘာ ၁၂ /၂၀၂၂
ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းအချို့တွင်နေထိုင်သည့်တက္ကသိုလ်ကျောင်းသားများ အပါအဝင် လူငယ် ၉ ဦးကို ပြီးခဲ့သည့်ညဥ့်က စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့ကဖမ်းဆီးသွားကြောင်း သိ၇သည်။ ဖမ်းဆီးခံ၇သူများမှာစစ်တွေမြို့ ဓည၀တီ(က)ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူလူငယ် ၆ ဦးနှင့် အဆိုပါဘုန်းကြီးကျောင်းအနီးရှိ အသောကရာမ ဘုန်းတော်ကြီးကျောင်းမှလူငယ် ၃ ဦးတို့ ဖြစ်ကြသည်။
သူတို့ကိုယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ညဥ့်၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟုဂန္ဓာရုံဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ "ဘာကြောင့်ဖမ်းသွားမှန်းမသိ၇ဘူး။ကျောင်းပေါ်မှာအိပ်နေကြတာကို ဝင်ဖမ်းသွားတာ"ဟု ပြောသည်။ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှဖမ်းဆီးခံ၇သူ ၆ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်မြက်သောက်ကျေးရွာမှ မောင်ဘိုအောင်ခင် (၂၃ နှစ်)၊ မောင်အောင်လင်းစိုး (၂၀ နှစ်)၊မောင်စိုးမင်း (၂၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ်ပဲစိနန်းကျေးရွာမှ မောင်အောင်ငြိမ်း(၂၁ နှစ်)၊ မောင်ဇော်လှိုင်ဦး (၂၀ နှစ်)နှင့် ကျောက်တော်မြို့နယ် ခွဆုံကျေးရွာမှမောင်ကံစိုး (၂၅ နှစ်)တို့ဖြစ်သည်။
သူတို့အနက်မြသောက်နှင့် ပဲစိနန်းကျေးရွာတို့မှလူငယ်၅ ဦးသည် တက္ကသိုလ်စာမေးပွဲ ဖြေပြီး၍ ကွန်ပျူတာသင်တန်းနှင့် ဂျပန်၊အင်္ဂလိပ်နှင့် ကိုရီးယားစကားပြောသင်တန်း တက်ရောက်နေသူများဖြစ်ပြီး ကျောက်တော်မြို့နယ် ခွဆုံကျေးရွာမှမောင်ကံစိုးမှာ ဆိုင်ကယ်ဝပ်ရှော့တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်သည်ဟု ဖမ်းဆီးခံ၇သူတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။
"သူတို့က ပုဏ္ဏားကျွန်းဘက်ကများတော့ လက်ရှိမှာမိသားစုဝင်တွေလည်း စစ်တွေလိုက်လာဖို့လမ်းပိတ်ထားလို့ မလာ၇ဘဲ အခက်အခဲဖြစ်နေကြပါတယ်"ဟု ပြောသည်။
အလားတူ အသောကရာမဘုန်းတော်ကြီးကျောင်းမှဖမ်းဆီးခံလိုက်၇သည့်လူငယ်၃ ဦးသည် ဘေးတွဲဆိုင်ကယ်မောင်းသူများဖြစ်ကြပြီး သူတို့၏ အမည်နှင့်နေရပ်ဇာတိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
လက်ရှိတွင်သူတို့ ၉ ဦးကို စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းနှင့်နီးစပ်သူကပြောသည်။