နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/၂၀၂၂
မြန်မာစစ်ကောင်စီတပ်သည်ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ကျွဲထိုးကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာသား (၃) ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာရွာထဲရှိ ဈေးဆိုင်များမှ ပစ္စည်းများ၊ပြည်သူများမွေးထားသည့် ကြက်များနှင့် ဖုန်းများကို အတင်းအဓမ္မယူဆောင်သွားကြကြောင်း ကျေးရွာသားများက ပြောသည်။
အမည်မဖော်လိုသူ တစ်ဦးက " ဈေးဆိုင် (၃) ဆိုင်ကနေ ပစ္စည်းတွေ ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ သေနတ်တွေပြပြီး လုယူသွားတယ်။ ပစ္စည်းတွေမနည်းဘူးယူသွားတာ- သူတို့ ။ ဘီယာတွေလည်းယူသောက် သွားကြတယ်။ နောက်တစ်အိမ်ကဆိုရင်ကလေး ကျောင်းတက်ဖို့စုထားတဲ့စုဗူးကိုပါ ဖောက်ယူသွားပါတယ်။ မွေးထားတဲ့ ကြက်ခြံကနေလည်း ကြက်အကောင် (၂၀)လောက်ကို ဖမ်းယူသွားတယ်။ဒါ့အပြင် ဘုန်းကြီးကျောင်းကိုဝင်ပြီး ဆရာတော်ဆီကပါ (၅)သိန်းတန် Vivo ဖုန်းတစ်လုံး သိမ်းယူသွားပါတယ်။ ဒါတွေဟာ နိုင်ငံတော် အစိုးရရဲ့ စစ်တပ်က မတရားသဖြင့် ၇ခိုင်လူထုကို အနိုင်ကျင့်ပြီး အတင်းအဓမ္မယူသွားတာတွေပါ"ဟုပြောသည်။
ယမန်နေ့ နိုဝင်ဘာ (၁၂)ရက် နေ့လယ်ပိုင်းက ကျွဲထိုးရွာထဲကိုစစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ဒေါ်ဝင်းမေသန်၊ ဦးကျော်ငြိမ်းအောင်၊ ဦးခင်မောင်တို့၏ ဆိုင်(၃) ဆိုင်မှ ဘီယာများ နှင့် စားသောက်ကုန်ပစ္စည်းများကို လုယက်ယူဆောင် စားသောက်သွားကြပြီး၊ ဦးညွန့်သိန်းမောင်နှင့် ဦးမောင်အေးချေတို့ကြက်ခြံမှကြက်ကောင်ရေ(၂၀) ခန့်၊ တန်းခိုးရွာဆရာတော်ထံမှ ၅ သိန်းတန်ဖုန်းတစ်လုံးနှင့် ကျောင်းဆရာမဒေါ်သန္တာဦးအိမ်မှငွေကျပ် (၂) သိန်းခန့်ရှိစုဗူးတစ်လုံးတို့ကိုပါ အတင်းဓမ္မယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။
၎င်းပြင်ကျွဲထိုးကျေးရွာမှ ဦးရွှေသီး (၅၆ နှစ်)၊ ဦးအောင်ဝင်းသိန်းနှင့်ဦးထွန်းလှအေး(၄၉ နှစ်) တို့ (၃) ဦးကို မျက်နှာအုပ်ကာ ဖမ်းဆီးနှိပ်စက်ပြီး ၎င်းစစ်ကြောင်းနှင့်အတူပုဏ္ဏားကျွန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း ကျေးရွာလူကြီးတစ်ဦးက ပြောသည်။
"ရွာသား (၃) ယောက်ကိုလည်း မျက်နှာချုပ်ပြီး ရက်ရက်စက်စက်ရိုက်နှက်ပြီးဖမ်းခေါ်သွားပါတယ်။သူတို့ကို တန်းခိုးရွာကနေ ကျော်ဇံရွာဘက်ကူးပြီး ပုဏ္ဏားကျွန်းဘက်ကိုခေါ်ယူသွားကြပါတယ်" ဟု ပြောသည်။
ယခုကဲ့သို့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ကာ ပစ္စည်းဥစ္စာများကိုအတင်းအဓမ္မ ယူဆောင်မှုများကိုလုံး၀ကန့်ကွက်သလို ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေ၇သည့် အတွက်လည်း များစွာဝမ်းနည်းမိကြောင်း ၎င်းကဆက်ပြောသည်။
"ဒီလိုမတရားလုပ်ရပ်တွေအပေါ် ကျနော်တို့အမှန်တကယ်ကို ကန့်ကွက်ပါတယ်။အေအေနဲ့ဖြစ်ရင် အေအေနဲ့တိုက်ကြပေါ့။ အခုက ပြည်သူတွေ စပါးမရိတ်နိုင်၊ အိမ်မှာမနေရ၊ အကြောင်းအမျိုးမျိုးနဲ့ထွက်ပြေးနေကြ၇တယ်။ကျနော်တို့ဘ၀မှာ တခါတောင်မကြားဖူးဘူး။ ဒီလောက်ရက်စက်ယုတ်မာတာ။ အရမ်းလည်း ဝမ်းနည်းပါတယ်"ဟု ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ၎င်းကျွဲထိုးရွာအနီးရှိ တန်းခိုးကျေးရွာကိုလည်းစစ်ကောင်စီ တပ်သားများက လက်နက်ကြီးတပ်ဆင်ထားသည့်ဒရုန်းများဖြင့်ပစ်ပြီး ရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်ကာ ဒေသခံများကိုလည်းဖမ်းဆီးခဲ့သည်။
ယင်းအပြင် နိုဝင်ဘာ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာအနီးစစ်ကောင်စီ၏ရိက္ခာကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အနီးအနားကျေးရွာများကို လက်နက်ကြီးများ၊ဒရုန်းများနှင့်အတူ လေကြောင်းကပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ဆင်အင်းကြီးကျေးရွာထဲကိုဝင်ရောက်ကာနေအိမ်များကို မီးရှို့ခဲ့ကာ အသက် ၉၀ ကျော်အရွယ်အဖွားကြီးတစ်ဦး အပါအဝင် ရွာသား ၉ ဦးကိုလည်း ရက်စက်ယုတ်မာစွာ သတ်ဖြတ်သွားခဲ့သည်။(NN-7)