ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် စီးပွားရေးလုပ်ငန်းရှင် ၁ ဦးကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k


နိရဥ္စရာ၊ နိုဝင်ဘာ ၁၄/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စီးပွားရေးလုပ်ငန်းရှင် ၁ ဦးကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံရသူမှာ စစ်တွေမြို့၊ တရားသီးစုရပ်ကွက်ရှိ ဒေသန္တရဆေးပေးခန်းနှင့် မူလတန်းကျောင်းအနီးတွင်နေထိုင်သည့် ဦးဇော်နိုင်ဝင်း (၄၃ နှစ်)ဖြစ်သည်။

သူ့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက် ညဥ့်အချိန်တွင် အင်အား ၅၀ ခန့်ပါ စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က နေအိမ်သို့ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"ပြီးခဲ့တဲ့စနေနေ့ညက သူ့အိမ်ကနေ ဖမ်းသွားတာပါ။ ဘာကြောင့် ဖမ်းတယ်တော့ မသိရဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ဦးဇော်နိုင်ဝင်းသည် ဆောက်လုပ်ရေးကုမ္မဏီနှင့် အခြားစီးပွားရေးအချို့ကိုလည်း လုပ်ကိုင်သူဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် သူ့ကို မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည်ကို မသိရသေးဟုလည်း သူနှင့်နီးစပ်သူများက ပြောသည်။

ရခိုင်တွင် ယခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအပြင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည့် ထွေ/အုပ်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ လူမှုရေးလှုပ်ရှားသူများနှင့် ဒေသခံများကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာနေကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ