ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မအီမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 820

နိရဉ္စရာ၊ နိုဝင်ဘာ ၁၅/၂၀၂၂

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးထွန်းကြွယ်(၄၈)နှစ်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

 

ဦးထွန်းကြွယ်သည်  မအီမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာ ၁၄ရက်၊ နေ့လယ် ၃ နာရီအချိန်ခန့်တွင် အလုပ်ကိစ္စဖြင့် တောင်ကုတ်မြို့သို့ ရောက်ရှိနေစဉ် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင် တစ်ဦးကပြောသည်။

 

"သူက မအီမြို့နဲ့ တောင်ကုတ်မြို့ကိုအမြဲသွားလာနေကျပါ။  အလုပ်ကိစ္စနဲ့အမြဲသွားလာနေတယ်။ မနေ့က နေ့လယ် ၃နာရီလောက်မှာ အဖမ်းခံလိုက်ရတာ။ ပထမတော့ ဘယ်က ဖမ်းသွားမှန်း မသိသေးဘူး။ နောက်ပိုင်း စုံစမ်းကြည့်မှ တောင်ကုတ်မြို့မှာ စစ်တပ်က ဖမ်းဆီးသွားတာလို့သိရတယ်။ ဘာကြောင့်ဖမ်းသွားလည်းဆိုတာလဲ မသိရဘူး။ သူကဘယ်အဖွဲ့နဲ့မှ အဆက်သွယ်မရှိပါဘူး။ ကုန်စုံဆိုင်ရောင်းတယ်။ အလုပ်ကိစ္စနဲ့ တောင်ကုတ်နဲ့ မအီကိုအမြဲသွားလာနေတာ" ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံလိုက်ရသည် ကုန်စုံဆိုင်ပိုင်ရှင် ဦးထွန်းကြွယ်တွင် သား ၁ယောက်၊ သမီး ၂ယောက်ရှိသည်ဟု သိရပြီး သူသည် ဆီဆိုင်လုပ်ငန်း၊ မအီမြို့နှင့် တောင်ကုတ်မြို့ကို လိုင်းကားဆွဲလုပ်ငန်း၊ ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။ 

 

ဦးထွန်းကြွယ်ကို စစ်တပ်ကဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကို မသိရသဖြင့် စိုးရိမ်နေကြရပြီး အပြစ်မရှိဘဲ ဖမ်းဆီးသွားသည့်အတွက် ပြန်လွတ်ပေးစေချင်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။

 

ယမန်နေ့နိုဝင်ဘာလ ၁၄ရက်နေ့ကလည်း အမ်းမြို့နယ်၊ ခရမ်းကျွန်းကျေးရွာ၊ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဖြိုးဝေ (၂၉)နှစ်ကို စစ်တပ်ကဖမ်းဆီးသွားခဲ့သည်။

 

မြန်မာစစ်ကောင်စီတပ်သည် အေအေနှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်ကို ဦးတည်ဖမ်းဆီးမှုများရှိနေကာ ၎င်းတို့ထံက ငွေကျပ်သိန်းရာနှင့်ချီ၍ ငွေညစ်မှုများရှိနေလည်း ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။  (NN-12)

ဆက်စပ် သတင်းများ