နိရဉ္စရာ၊နိုဝင်ဘာ ၁၅/၂၀၂၂
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူသက်ကြီးပိုင်း တစ်ဦးအပါအဝင် နောက်ထပ်ကျေးရွာသား ၂ ဦးမှာ မိသားစုနှင့်အဆက်အသွယ်မရကျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ပျောက်ဆုံးနေသူ (၃) ဦးမှာ စစ်တပ်က ဖမ်းဆီးသွားသည့် ဦးမဲလှအောင်၊ဦးစိန်ထွန်းနှင့် ဦးစောသိန်းတို့ဖြစ်ကြပြီး အသက် (၆၀) ဝန်းကျင်ရှိသူများဖြစ်ကြသည်။
၎င်းတို့အနက်ဦးစိန်ထွန်းနှင့် ဦးစောသိန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်၊ ညနေပိုင်းက ကျော်ဇံရွာ အနီးအနားသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြ၍ထွက်ပြေးကြရာတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဦးမဲလှအောင်မှာစစ်တပ်က ဖမ်းဆီးထားပြီးနောက် ပျောက်ဆုံးနေသည်ဟု ကျော်ဇံကျေးရွာသား တစ်ဦးကပြောသည်။
နိုဝင်ဘာလ၁၃ ရက်၊ နံနက် ရ နာရီခန့်က ကျော်ဇံရွာမှ ဘေးလွှတ်ရာသို့ ကြထွက်ပြေးရာတွင် ဦးမဲလှအောင်ကိုရွာ၏သင်္ချိုင်းအနီးတွင်စစ်ကောင်စီတပ်သားများမှ ခေါ်ယူသွားသည်ကို မြင်တွေ့ခဲ့၇ပြီး ယင်းနောက်ပိုင်းမှစပြီး သတင်းအစအနမ၇ပျောက်ဆုံးသွားကြောင်း၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
" ကျမတို့ကလက်နက်ကြီးပစ်နေတယ်။ ထွက်ပြေးလာခဲ့တော့လို့ ဖုန်းဆက်ပြီးပြောတော့ သူက လာပြီ လာပြီဆိုပြီး ရွာသင်္ချိုင်းနားက ထွက်လာတာပါ၊ အခြားတစ်ယောက်နဲ့။အဲဒီအချိန် သချိုင်းနားကစစ်သားတွေက သူ့ကိုဖမ်းသွားတာမြင်တော့ သူနဲ့အတူပါလာတဲ့သူက ထွက်ပြေးလို့ လွတ်လာခဲ့ပါတယ်။အဲဒီနောက် သူ(ဦးမဲလှအောင်)ရဲ့ ဖုန်းကိုလည်း ဆက်ကြည့်ပါတယ်။ ဖုန်းလည်း လုံး၀ဆက်မရပါဘူး။ ယနေ့အချိန်အထိ သတင်းတစ်စုံတစ်ရာမကြားသိ၇ပါဘူး"ဟု ပြောသည်။
၎င်းဦးမဲလှအောင်အားစစ်သားများဖမ်းခေါ်သွားပြီးနောက် ပြန်လွှတ်မြောက်လာသလား၊ မည်သို့မည်ပုံဖြစ်သွားသည်ကိုမသိရှိရသေး၍ အလွန်စိတ်ပူနေရကြောင်း နိုင်ငံရပ်ခြားကို ရောက်နေသည့် ၎င်း၏သားဖြစ်သူကပြောသည်။
"ကျနော်တို့မှာသားအဖနှစ်ယောက်တည်းပဲ ရှိတော့ပါ။ အမေဆုံးသွားတော့ အဖေကို လုပ်ကျွေးနေတာပါ။ အခုသတင်းလည်းဘာမှ မကြား၇တော့ အရမ်းစိုးရိမ်နေ၇ပါတယ်။ ကူညီပေးကြပါ" ဟုပြောသည်။
ဦးစိန်ထွန်းနှင့်ဦးစောသိန်းတို့မှာ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၈ နာရီခန့်ကနေ ပျောက်ဆုံးနေသည်ဟု ရွာသားတစ်ဦးကပြောသည်။
" ဦးစိန်ထွန်းတို့နဲ့ ကျနော်ပြေးတဲ့အခါ ကျော်လမ်းမြောင်မှာတွေ့ခဲ့တာပါ။သူတို့အခြေအနေ ကြည့်နေအုံးမယ်။ စစ်တပ်အခြေအနေကိုကြည့်လို့ရွာထဲဝင်လို့ရရင်ဝင်အုံးမယ်။ ပြောနေတာတော့ ကြားခဲ့ပါတယ်။ သူနဲ့တူတူရှိခဲ့တဲ့သူတွေကျတော့ပြေးလို့ လွှတ်လာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကနေ သူပျောက်သွားခဲ့တာပါ"ဟုပြောသည်။
စစ်ကောင်စီတပ်သားများသည်နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျော်ဇံရွာထဲ ဝင်ရောက်လာပြီး လူနေအိမ်များနှင့် ရွာ၏တောင်ဦးတွင်နေထိုင်ခဲ့ကြောင်းဒေသခံများကပြောသည်။
နိုဝင်ဘာလ၁၀ ရက်မှစ၍ ယနေ့အထိစစ်တပ်သည်ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့သို့ လက်နက်ကြီးများ၊ ဒရုန်းများနှင့်စစ်ရဟတ်ယာဉ်များဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကျေးရွာအချို့မှ ဒေသခံ ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိ၇သည်။
အဆိုပါဖြစ်စဉ်များကြောင့်ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ လေးထောင်ကျော်သည် နီးစပ်ရာ ဘေးလွှတ်မည့်နေရာများသို့ စစ်ဘေးရှောင်နေကြရကြောင်းသိ၇သည်။
ယင်းအပြင်နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီး ကျေးရွာအနီး စစ်ကောင်စီ၏ရိက္ခာကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အနီးအနားကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများနှင့်ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။
ဆင်အင်းကြီးကျေးရွာထဲကိုလည်း စစ်ကြောင်းတစ်ခုဝင်ရောက်ကာ နေအိမ်များကိုမီးရှို့ပြီးအသက် ၉၀ ကျော်အရွယ်အဖွားကြီးတစ်ဦး အပါအဝင် ရွာသား ၉ ဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်သွားခဲ့သည်။
(NN-8)