ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကုန်းလမ်း၊ရေလမ်းများကိုပိတ်ထားသဖြင့် ရခိုင်ကွမ်းသီးခင်းပိုင်ရှင်များ ဝယ်လက်မရှိ၍အခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၆/  ၂၀၂၂

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်းများကို အကန့်အသတ်မရှိ ပိတ်ထားသည့် အတွက် ဝယ်လက်မရှိဖြစ်နေ၍ မင်းပြားနှင့် မြောက်ဦးမြို့နယ်မှ ကွမ်းသီးခင်း ပိုင်ရှင်များမှ အခက်ကြုံနေကြရကြောင်း သိရှိရသည်။

မင်းပြားမြို့နယ်မှ ကွမ်းသီးခြင်းပိုင်ရှင် တစ်ဦးက အရင်နှစ်ကတော့ ကွမ်းသီးအခြောက် တစ်မောင်း (၂၅ ပိဿာ) ကို ကျပ် ၂ သိန်းကျော်ဈေးရှိတယ်။ ဒီနှစ်မှာတော့ လာမေးတဲ့ သူတောင်မရှိသလောက်ဘဲ။ ရှားရှားပါးပါး ရောက်လာတဲ့ တစ်ယောက်တစ်လေကလည်း ကွမ်းခြောက်တစ်မောင်းကို ၁၈၀၀၀၀ လောက်ဘဲ ပေးတယ်ဟု ပြောသည်။

မင်းပြားမြို့နယ်မှ နရမ်း၊ သဲတက်၊ ကုတိုးဆိပ်၊ ကျဉ်းထောင့်ချေ၊ နပိတ်ချောင်း၊ ခြိတ်တောင်၊ ငပုဂွ၊ ကြက်မကျ နှင့် နားဒင်စသည့် ကျေးရွာများနှင့် မြောက်ဦးမြို့နယ်မှ ငမဲပြင်၊ လောင်းမီးရွာ၊ ပါးတော်၊ တန်းပျင်းကြီး၊ ကျွဲတဲနှင့် မြောင်းဘွေစသည့်ကျေးရွာများတွင် ကွမ်းသီးကို စီးပွာအဖြစ် စိုက်ပျိုး ကြသည်။

ယခုကဲ့သို့ ဈေးကျပြီး ဝယ်လက်မရှိဖြစ်နေရခြင်းမှာ ရခိုင်ပြည်တွင် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကုန်ပစ္စည်းများသယ်ယူခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ထားသည့်အတွက် ဖြစ်နိုင်ကြောင်းလည်း ၎င်းကပြေသည်။

ဝယ်မဲ့သူမရှိတော့ ဈေးကျတာပေါ့လေ။ ဝယ်မဲ့သူတွေကလည်း လမ်းတွေကိုပိတ်ထားပြီး ပစ္စည်းတွေလည်း သယ်မရဆိုတော့ မလာရကြာနေမှာပါဟု ပြောသည်။

ကွမ်းသီးပင်များမှာ အသီးထွက်ရန် ၁၀ နှစ်ခန့်ကြာမြင့်ပြီး တစ်ဧက ကွမ်းသီးခင်းတွင် ပျမ်းမျှအားဖြင့် အထွက်များသည့် နှစ်တွင် ၂၅ မောင်းခန့်ထွက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် ဇွန်၊ဇူလိုင်လများတွင် တရုတ်နိုင်ငံမှ အလေးချိန် ဂရမ် ၂၀ နှင့် ၃၀ ကျော်ရှိသည့် ကွမ်းသီး စိမ်းအနုများ ကို ဝယ်ယူမှုရှိခဲ့သည့်အတွက် ကွမ်းသီးစိမ်းအနု တစ်လုံးကို ကျပ် ၄၀ ခန့်ဈေးရှိခဲ့ပြီး တချို့လည်း ရောင်းချခဲ့ကြ သော်လည်း တချို့မှာလည်း အချိန်မတိုင်မီ ဆွတ်ခူးလျှင် ကွမ်းသီးအထွက်နည်း သည်ဟုဆိုကာ မရောင်းခဲ့ကြကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ရာသီမတိုင်မီ ဈေးမြင့်ခဲ့သည့်အတွက် ရာသီချိန်တွင် ဈေးပိုရရန် ကွမ်းသံခြံပိုင်ရှင်များက မျှော်မှန်းခဲ့သော်လည်း လက်ရှိတွင်တခြားစီဖြစ်နေကြောင်းလည်း အဆိုပါ ခြံပိုင်ရှင်ကပြောသည်။

ရခိုင်ပြည်တွင် ကွမ်းသီးအထွက်ဆုံးမြို့နယ်များမှာ မာန်အောင်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များဖြစ်ကြပြီး ဇီးဇာကွမ်းသီးမှာ နာမည်ကြီး ကြောင်းလည်းသိရသည်။

ရခိုင်ပြည်မှ ထွက်ရှိသည့် ကွမ်းသီးအခြောက်များကို ယခင်နှစ်များက ဘင်္ဂလာဒေ့ချ်နိုင်ငံဘက်ကို နယ်စပ်ကုန် သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့သော်လည်း ယခုအခါ ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီတပ်မှ လွန်ခဲ့သည့် သြဂုတ်လ အတွင်းက ပိတ်ထားလိုက်သည့်အတွက် နယ်စပ် ကုန်သွယ်ရေးမှာလည်း ယခင်ကထက် အများကြီး ကျဆင်းနေ ကြောင်း စီးပွားရေးသမားများက ပြောသည်။

ဆက်စပ် သတင်းများ