နိရဉ္စရာ၊ နိုဝင်ဘာ၁၇/၂၀၂၂
စစ်ကောင်စီလက်အောက်ခံတပ်များက နိုဝင်ဘာ ၁၆ ရက်နေ့က လူနေကျေးရွာများသို့လက်နက်ကြီးများဖြင့် တမင်ရည်ရွယ် ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ် ဂြစ်ချောင်းကျေးရွာတွင်အရပ်သား ၁၁ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာတွင်လည်း၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ( AA) မှမြေပုံအညွှန်း၊ သေဆုံးထိခိုက်ဒဏ်ရာသူများစာရင်းကို နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါသည်။
(ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်
ရက္ခိုင်ပြည်အတွင်းမြေပြင်တိုက်ပွဲများ၌ အထိအခိုက်၊ အကျအဆုံးများပြီး အဖက်ဖက်တွင် ယိုယွင်းပျက်စီးနေသော စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သောကျေးရွာများ၊ လူနေအိမ်များကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြု၍ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိ သည်။ ထို့အပြင်စစ်ပွဲအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ်မှုများ၊လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ်ရက်ဆက်ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိသည်။
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၀) မိနစ်တွင် မောင်တောမြို့နယ်၊လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ အရပ်သားပြည်သူများမှကလေးကင်ပွန်းတပ်ပွဲ ကျင်းပနေစဉ်အတွင်းစစ်ကောင်စီ၏ မောင်တောမြို့နယ် နခခ(ရ)မှ လက်နက်ကြီးများဖြင့်တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပွဲအတွင်းမှကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁) ဦး အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပြီး၊(၂၀) ကျော်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၁) နာရီ၊ (၃၀) မိနစ်တွင်လည်းစစ်ကောင်စီ၏ ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမ၇(၅၃၉) တပ်ရင်းမှပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံသည် ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွားအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၅၀) အရွယ်အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး၊ အခြား (၃) ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည်မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှ မရှိပါဘဲ အပြစ်မဲ့ပြည်သူများ၊ရပ်ရွာများရှိရာသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသာဖြစ်သည်။ ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုများကို စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌သာမကမြန်မာပြည်အနှံ့ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျကျူးလွန်လျက်ရှိသည်။
လွန်ခဲ့သောရက်များအတွင်း၌လည်းစစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ယနေ့ကဲ့သို့ပင် ပစ်ခတ် တိုက်ခိုက်မှုကြောင့်အောက်ပါနေ့ရက်များ၌လည်း အပြစ်မဲ့အရပ်သားပြည်သူလူထုများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
(၁) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်၊နံနက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ခမ၇ (၃၄၄) တပ်ရင်းမှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်ကျေးရွာမှ အသက် (၃၄) နှစ်အရွယ် အမျိးသားတစ်ဦး လက်နက်ကြီးစထိမှန်၍ဒဏ်ရာရရှိခဲ့သည်။
(၂) ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်လည်း နံနက် (၉) နာရီ (၄၅) မိနစ် မှ ညနေ (၆) နာရီ (၃၀) မိနစ်အထိဘူးသီးတောင်မြို့နယ်၊ တင်ဆက်/သရက်တောင်(မူဆလင်)ကျေးရွာ၊ စစ်ကောင်စီ၏ဘုရားတောင်ကုန်း၌ တပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ၊ ခမ၇ (၂၁၀) နှင့်ဘူးသီးတောင်အခြေစိုက် စကခ (၁၅) မှနေ၍ လက်နက်ကြီးများဖြင့်နပျိုးချောင်းကျေးရွာနှင့် အနီအနားရှိကျေးရွာများအား တစ်နေ့လုံး နီးပါးမရပ်မနားအဆက်မပြတ် တောက်လျှောက် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများရှိလူနေအိမ်တချို့ ပျက်ဆီးဆုံးရှုံးခဲ့သည်။
(၃) ထို့အပြင် စစ်ကောင်စီသည်စစ်သုံးသင်္ဘောများပေါ်မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုမိမိတို့စခန်းများရှိရာနေရာများသို့သာမက ရပ်ရွာများသို့ နေ့ရောညပါတိုက်ခိုက်နေခဲ့သည်မှာလည်း နေ့စဉ်နေ့တိုင်းပင်ဖြစ်သည်။ ဤကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထု သေဆုံး၊ဒဏ်ရာရရှိသည့်အရေအတွက်မှာလည်း နေ့တိုင်းနီးပါးရှိနေသောကြောင့် အရေအတွက်မှာမြင့်တက်လျက်ရှိသည်။
မိမိတို့အနေဖြင့် စစ်ကောင်စီ၏လက်နက်ကြီးများ၊ တိုက် လေယာဉ်များနှင့် ဒရုန်းများမှ ရမ်းသမ်းပစ်ခတ်မှုများအတွင်းမတရားသဖြင့် အသက်သေဆုံးသွားသော ပြည်သူများအတွက် မိသားစုဝင်များနှင့် ထပ်တူခံပြင်းဝမ်းနည်းရပါသည်။ ယခုကဲ့သို့ ပြည်သူလူထုများအပေါ် ဆန့်ကျင်ကျူးလွန်သောစစ်ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်သူများကို မဖြစ်မနေ လက်စားချေသွားမည်ဖြစ်ကြောင်းပြည်သူများအား အသိပေးထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်