နိရဉ္စရာ၊ နိုဝင်ဘာ ၁၇/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက်စကစတပ် (၅၃၉)မှ လက်နက်ကြီးများဖြင့် .ယနေ့နံနက်ထိ လူနေကျေးရွာများသို့ ဆက်လက်ပစ်ခတ်နေသဖြင့် အနီးအနားရှိကျေးရွာများမှ ဒေသခံထောင်နှင့်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။
ကန်စောက်တောင်အနီးက ထွက်ပြေးနေကြရသောကျေးရွာများမှာချောင်းတူ၊ ဗုဒ္ဓေါ၊ ကွမ်းအုံစု၊ မော်ရွာ၊ ခမောင်းတော၊ ဆင်မကျော်နှင့်အခြားစသည့် ကျေးရွာများမှဒေသခံထောင်နှင့်ချီတို့ ဖြစ်ကြသည်။
ကန်စောက်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီကျော် အချိန်လောက်က ဆနွင်းတောင်ခြေရင်းအနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့်ချောင်းတူကျေးရွာမှ သက်ကြီးပိုင်းဒေသခံ ၃ ဦးသေဆုံးခဲ့၇ပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်အပြီးတွင်လည်း ကန်စောက်အခြေစိုက်စစ်ကောင်စီတပ်မှ တစ်နေ့လုံးနီးပါး လက်နက်ကြီးများ ပစ်ခတ်နေ၍ အနီးအနားရှိ ကျေးရွာမှ ဒေသခံများမှာ ဘေးလွှတ်ရာကျေးရွာများသို့ ထွက်ပြေးနေရကြောင်းချောင်းတူကျေးရွာသားတစ်ဦးကပြောသည်။
"ရွာမှာတော့ လူတွေသိပ်ရှိတော့မယ် မထင်ဘူး။ မနေ့ကလည်း လက်နက်ကြီးကျတယ်၊ဒီနေ့လည်းကျတယ်ဆိုတော့။ ဒီနေ့လည်းပြေး၊ မနေ့ကလည်းပြေးကြတယ်။ ရွာမှာနေရဲမယ့်သူ ရှိတော့မှာမဟုတ်ဘူး။ ကိုယ့်မှာရင်းနှီးတဲ့သူရှိတဲ့ဘက်ကို အားကိုးပြီးတော့ ပြေးကြရတာပါပဲ။ဒီယိုးတရုပ်မှာတော့ စားရေးသောက်ရေးက ရွာသားတွေစုပြီး ပိုက်ဆံတွေကောက်ပြီး ကျွေးထားကြပါတယ်။ရှေ့ကိုဒီအတိုင်းဆက်ဖြစ်နေအုံးမယ်ဆိုရင် လိုအပ်ချက်တွေကအများကြီးပါပဲ။ အကူအညီတွေအများကြီးလိုအပ်ပါတယ်"ဟုပြောသည်။
ကန်စောက်တောင်အနီးအနားကျေးရွာများမှ ထွက်ပြေးလာကြသည့်ဒေသခံများသည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်၊ ဂဏန်းတောင်၊ ပန်းနီလာ၊ မြက်လှဲကျေးရွာနှင့်အခြားစသည့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာအသိမိတ်ဆွေအိမ်များတွင်ယာယီခိုလှုံနေကြရပြီး စားနပ်ရိက္ခာနှင့် အနွေးထည်များလိုအပ်နေကြောင်း ဒေသခံများကပြောသည်။
"အခုကတော့ ရွာကလူတွေက စုပေါင်းပြီးကူညီပေးနေကြတာတွေရှိပါတယ်။ဒါပေမယ့် ရှောင်လာကြတဲ့ သူတွေကများတော့ ကူညီပေးရတာ မမျှပါဘူး။ အနွေးထည်တွေ စောင်တွေနဲ့ဆန်တွေအရေးပေါ်လိုအပ်နေပါတယ်" ဟုပြောသည်။
ယနေ့နံနက် ၈ နာရီခန့်ကလည်း ကန်စောက်အခြေစိုက်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၍ ချောင်းတူကျေးရွာမှ နေအိမ်တစ်လုံးနှင့် နွားတစ်ကောင်ကိုထိမှန်ခဲ့ပြီး ၎င်းနွားမှာသေဆုံးသွားခဲ့ကြောင်း သိ၇သည်။
လက်ရှိရခိုင်တွင် စစ်ကောင်စီတပ်မှ လူနေကျေးရွာများကိုလက်နက်ကြီးများ၊ ဒရုန်းများ၊ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံထောင်နှင့်ချီနေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းသိ၇သည်။
(NN-8)