နိရဉ္စရာ၊နိုဝင်ဘာ ၁၈/၂၀၂၂
စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့်ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ သက်ကြီးပိုင်းရွာသား ၃ မှာ ၅ ရက်ကြာသည်အထိအဆက်အသွယ်မ၇ ပျောက်ဆုံးနေသဖြင့် မိသားစုများအနေဖြင့်အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။
ပျောက်ဆုံးနေသူ(၃) ဦးမှာ စစ်တပ်က ဖမ်းဆီးသွားသည့် ဦးမဲလှအောင်၊ ဦးစိန်ထွန်းနှင့် ဦးစောသိန်းတို့ဖြစ်ကြပြီး၎င်းတို့ ၃ ဦးမှာ အသက်(၆၀) ကျော်အရွယ်ဝန်းကျင်ရှိသူများ ဖြစ်ကြသည်။
၎င်းတို့အနက်ဦးစိန်ထွန်းနှင့် ဦးစောသိန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီခန့်အထိဦးစိန်ထွန်း၏နေအိမ်တွင် အတူရှိနေခဲ့ပြီး မိသားစုနှင့် ယင်းအချိန်ထိ အဆက်အသွယ် ရရှိခဲ့သေးကြောင်းနှင့်နောက်ပိုင်းတွင် ဖုန်းအဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။
နောက်တစ်နေ့တွင်ကျော်ဇံရွာသို့ မိသားစုများ ပြန်၍လာရောက်ရှာဖွေရာတွင် ဦးစိန်ထွန်း၏နေအိမ်ကို စစ်သားများ ဝင်ရောက် မွှေနှောက်ရှာဖွေထားပုံများကိုတွေ့ရှိရသဖြင့်ဦးစိန်ထွန်းနှင့်ဦးစောသိန်းအား စစ်တပ်မှဖမ်းဆီးသွားသည်ဟု ယူဆ၇ကြောင်း ၎င်းတို့၏မိသားစုဝင်တစ်ဦးကပြောသည်။
" တောင်ပေါက်ရွာနားကစစ်သားတွေတပ်စွဲနေထိုင်ခဲ့တဲ့တောင်မှာတော့ ကျနော်တို့အိမ်က ကျောပိုးအိတ် တစ်လုံးကိုတွေ့ခဲ့ပါတယ်။ သူတို့က အိမ်ကိုဝင်ပြီးဖမ်းတာဖြစ်နိုင်ပါတယ်။ နောက်ထပ် သက်သေတွေကတော့ ဖိနပ်တွေ၊ ဆန်အိတ်တွေကို အိမ်လမ်း၀မှာတွေ့ပါတယ်။အိမ်ကပစ္စည်းတွေနဲ့ ရှင်ပြုဖို့ထားထားတဲ့ငွေ ၄၇ သိန်းကိုလည်း စစ်သားတွေယူသွားပါတယ်။သူ(ဦးစိန်ထွန်း)က နေကောင်းတဲ့သူလည်း မဟုတ်ပါဘူး။ အမြဲဖျားပြီး ချောင်းဆိုးနေလို့ အိပ်ယာမှာနေနေရတဲ့သူပါ။ ဒါကြောင့်လည်း တစ်ခုခုဖြစ်သွားမှာကို ပိုပြီးစိုးရိမ်နေ၇ပါတယ်။ ကျနော်တို့ကလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ အပြစ်မရှိတဲ့အဖိုးတွေကို။နေကောင်းကြတဲ့သူတွေလည်းမဟုတ်ပါဘူး" ဟုပြောသည်။
နောက်ထပ်ဖမ်းဆီးခံရသည့်ကျော်ဇံရွာက ဦးမဲလှအောင်သည် နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ရ နာရီခန့်က ကျော်ဇံရွာမှ ဘေးလွှတ်ရာသို့ထွက်ပြေးရာတွင် ဦးမဲလှအောင်ကို ရွာ၏သင်္ချိုင်းအနီးတွင် စစ်ကောင်စီ တပ်သားများမှ ခေါ်ယူသွားသည်ကိုမြင်တွေ့ခဲ့၇ပြီး ယင်းနောက်ပိုင်းမှစပြီး သတင်းအစအနမ၇ပျောက်ဆုံးနေသည်ဟု မိသားစုများကပြောဆိုသည်။
ရွာသားတစ်ဦးက “ ဦးမဲလှအောင်ကိုစစ်တပ်က ဖမ်းသွားတာပါ။ စစ်တပ်သားတွေ စခန်းချနေထိုင်ခဲ့တဲ့ ကျော်ဇံရွာ တောင်ဦးပေါ်မှာ ဦးမဲလှအောင်ရဲ့ လွယ်အိတ်တစ်လုံးနဲ့ ၎င်းနှင့်လူကြုံမှာထားတဲ့ ဆေးတွေကိုတွေ့ရှိခဲ့၇ပါတယ်။ ဒါကြောင့်သူ့ကိုလည်းစစ်သားတွေ ဖမ်းသွားတာသေချာပါတယ်” ဟုပြောသည်။
၎င်းတို့သုံးဦးစလုံးသည်သက်ကြီးပိုင်းများဖြစ်နေပြီး ကျန်းမာရေးမကောင်းသူများလည်းဖြစ်သဖြင့် လမ်းပြ အဖြစ်ခေါ်ဆောင်သွားပါကလည်းပြန်လွှတ်စေချင်ကြောင်း ဦးမဲလှအောင်၏သားဖြစ်သူက ပြောသည်။
"ကျနော်စိုးရိမ်တာကအဖေက ကျန်းမာရေးအခံလည်းမကောင်းတော့ တကယ်တော့လမ်းပြအဖြစ် ခေါ်သွားရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ်။အဖေကရွာမှာ ဒီလိုပဲနေတဲ့ရိုးရိုးသားသား သက်ကြီးရွယ်အိုတစ်ယောက်ပါ။ အဖေနဲ့အတူပါသွားတဲ့ သူတွေလည်း တစ်ဦးမှ သတင်းမကြား၇သေးပါဘူး။ အထူးစိုးရိမ်နေကြ၇ပါတယ်" ဟုပြောသည်။
စစ်ကောင်စီတပ်သားများသည်နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျော်ဇံရွာထဲ ဝင်ရောက်လာပြီး လူနေအိမ်များနှင့်ရွာ၏တောင်ဦးတွင်စခန်းချ နေထိုင်ခဲ့ကြောင်းဒေသခံများကပြောသည်။
နိုဝင်ဘာလ၁၀ ရက်မှစ၍ ယနေ့အထိ စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့သို့ လက်နက်ကြီးများ၊ဒရုန်းများနှင့်စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကျေးရွာအချို့မှဒေသခံ ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိ၇သည်။
အဆိုပါဖြစ်စဉ်များကြောင့်ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ လေးထောင်ကျော်သည် နီးစပ်ရာ ဘေးလွှတ်မည့်နေရာများသို့စစ်ဘေးရှောင်နေကြရကြောင်းသိ၇သည်။
ယင်းအပြင်နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ဆင်အင်းကြီး ကျေးရွာအနီး စစ်ကောင်စီ၏ရိက္ခာကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက်အနီးအနားကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများနှင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။
ဆင်အင်းကြီးကျေးရွာထဲကိုလည်း စစ်ကြောင်းတစ်ခု ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ပြီး အသက် ၉၀ ကျော်အရွယ်အဖွားကြီးတစ်ဦးအပါအဝင် ရွာသား ၉ ဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်သွားခဲ့သည်။
(NN-8)