နိရဉ္စရာ၊ နိုဝင်ဘာ ၁၉/၂၀၂၂
ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့ ၂ မြို့၏ပတ်ဝန်းကျင်ကျေးရွာများသို့ ည ၉ နာရီကျော် အချိန်ကစပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြည်သူအများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးကြရပြီးခိုင်ခန့်သည့် အဆောက်အဦများနှင့် ဗုံးကျင်းများတွင် ပုန်းခိုနေကြရသည်ဟု သတင်းရရှိသည်.။ကျောက်တော်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီကျော်မှစကာ လက်နက်ငယ်များ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ မြို့ပေါ်နေ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်စွာ အကာအကွယ်ယူကာနေနေကြရကြောင်းမြို့ခံများက နိရဉ္စရာကို ပြောသည်။
"၉ နာရီ ကျော်ကနေ ပိုက်သည်ရပ် ရေနံဆိပ်ကနေလည်း စစ်သားတွေကလက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ပြီးသွားနေပါတယ်။ ကျောက်တော်တောင်ကလည်း အဆက်မပြတ်ပစ်နေပါတယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
နောက်ထပ်မြို့ခံတစ်ဦးက "လက်နက်ငယ်တွေပစ်နေတဲ့အသံပါ။၉ နာရီလောက်ကနေ စပစ်နေတာပါ။ မိုးပေါ်ထောင်ပစ်တဲ့အသံမျိုး ကြားရပါတယ်။ လက်နက်ကြီးအသံတော့မပါဘူး။ကစ္ဆပနဒီတံတား ဂိတ်က ပစ်တာလို့လည်းသိ၇ပါတယ်။ မိနစ် ၃၀ ကျော်လောက်ပစ်ပြီး ၉ နာရီခွဲကျော်လောက်မှာ ရပ်သွားတယ်။ အခုတော့ငြိမ်သွားပါပြီ။ တခုအကြောင်းကိစ္စမှမရှိဘဲနဲ့ ပစ်နေတာပါ"ဟုပြောသည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့ တွင်လည်း ယနေ့ နေ့လယ် နိုဝင်ဘာ၁၉ ရက် ညနေ ၃ နာရီခန့်နှင့် ညနေ ၅ နာရီအကြား တစ်ကြိမ်၊ ည ရ နာရီခန့်က တကြိမ် အခြေစိုက်(၅၅၀) တပ်ရင်းက လက်နက်ကြီးများကို အဆက်မပြတ်လူနေကျေးရွာများထဲကိုပစ်ခတ်ခဲ့၍ ဒေသခံကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရမှုများရှိနေကြောင်း သိ၇သည်။
ယနေ့ နေ့လယ် ၃ နာရီခန့်က ပစ်ခတ်မှုတွင် ရေဖြူကန်ကျေးရွာသို့လက်နက်ကြီးကျည်ကျကာ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။
ယင်းအပြင် ညနေပိုင်း (၅၅၀)တပ်ရင်းက ကျောက်ဆိပ်ကျေးရွာဘက်သို့လက်နက်ကြီးများ အကြောင်းမဲ့ တမင်တကာ ပြည်သူလူထုကို ရည်ရွယ်ပစ်ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြ၇ကြောင်းဒေသခံတစ်ဦးက ပြောသည်။
"ညနေ ၅ နာရီခွဲကနေ စပစ်တာဟာ လက်နက်ငယ် အချက် တစ်ထောင်တောင်ကျော်မယ်။ကင်းတောင်ကနေ အရှေ့ဘက် ဂူ၀၊ ကျောက်ဆိပ်ဘက်ကို လှည့်ပစ်တာပါ။ ကျောက်ဆိပ်ရွာပြင်မှာလည်းလက်နက်ကြီးကျပါတယ်။ ဒါပေမယ့် လူထိခိုက်မှုတော့မရှိပါဘူး။ အကုန်လုံး မှောင်မှောင်မဲမဲနဲ့ထွက်ပြေးကြ၇ပါတယ်"ဟု ပြောသည်။
၎င်းအပြင် ည ၁၀ နာရီခန့်က ဂျက်ဖိုက်တာ တစ်စီးသည် ကျောက်တော်၊ပုဏ္ဏားကျွန်း နှင့် ရသေ့တောင် မြို့ပေါ်တို့မှ ဝေ့ပျံကာ သွားလာမှုများရှိနေခဲ့ပြီးကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုများရှိနေချိန် ဒရုန်းများလည်း ဝဲပျံနေခဲ့သည့်အတွက်ဒေသခံပြည်သူများမှာ ဗုံးခိုကျင်းများကမထွက်ရဲဘဲ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေရကြောင်းသိ၇သည်
လက်ရှိထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေကို ကျောက်ဆိပ်ကျေးရွာသားတစ်ဦးက "အခုကတော့ လက်နက်ကြီးပစ်သံတွေ ရပ်သွားပါပြီ။ လေယာဉ်ကတော့ဝဲပျံနေပါတယ်။ ပစ်တော့မပစ်ဘူး။ ကျောက်ဆိပ်မှာ ညနေငါးနာရီကျော်လောက်ကတကြိမ်၊ ရ နာရီခွဲလောက်ကတစ်ကြိမ် လက်နက်ကြီးကျခဲ့ပါတယ်။ ဒါကြောင့်တစ်ရွာလုံးလည်း ရွာက ထွက်ပြေးလာကြပါပြီ။ လေယာဉ်ကလည်းဝဲပျံနေတော့ဘယ်လိုအခြေအနေဖြစ်အုံးမလဲ မသိသေးတာကြောင့် ဒီနေ့တော့အိပ်လို့ရမယ်မထင်တော့ပါဘူး။ တစ်ရွာလုံးမှာလူတစ်ယောက်မှကျန်ခဲ့တော့မယ် မထင်ပါဘူး"ဟု ည ၈ နာရီကျော်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မနက် ရ နာရီ ကျော်ကလည်း အမှတ် ၅၅၀တပ်ရင်းက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်များ ကျောက်ဆိပ်ကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့သဖြင့်ရွာသား ၈ ဦးသေဆုံးပြီး၁၀ ကျော်ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။
(NN-7)
(ဓာတ်ပုံ- ကျောက်ဆိပ်ရွာသားများလက်နက်ကြီးကျည်ကျ၍ ညဉ့်အချိန်ထွက်ပြေးနေကြစဉ်/ Ngwe Nu Phru)