Preview

ဒေသခံများ၏အကျိုးစီးပွားအတွက် ရည်မျှော်ပြီး ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကျင်းပ

နိုဝင်ဘာ ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :4962
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၂၁/၂၀၂၂

 

၇ခိုင်ဒေသ နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုများရှိနေသော်လည်းဒေသခံများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးနှင့် ခရီးသွားဧည့်သည်များလာရောက်လည်ပတ်စေရန် ရည်မျှော်ပြီး  ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကိုယနေ့ ကျင်းပကြောင်း သိ၇သည်။

 

ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကိုယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီတွင် ငပလီမြို့ မဇင်ရပ်ကွက်မှ သံတွဲမြို့သို့ စက်ဘီးစီးအဖွဲ့ကစက်ဘီးအလှစီး၍ ကွင်းဖွင့်ခဲ့ပြီး ယင်းနောက်တွင် ငပလီမြို့ရှိ ပါရာဒိုင်းစ်ဟိုတယ်တွင်ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်းသိ၇သည်။

 

အဆိုပါပွဲတွင်ရခိုင်ယဉ်ကျေးမှုကို အဓိကထားဖော်ပြသည့်အနေနှင့် ရခိုင်စည်တော်တီးခတ်ကာ ရခိုင်ရိုးအကများဖြင့်ဖွင့်လှစ်ခဲ့ပြီး သဲပန်းပုအလှပြခြင်း ၊ စက်ဘီးအလှစီးခြင်း၊ ကပြဖြေဖျော်ခြင်းများ အပြင် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊စက်ဘီးစီးပြိုင်ပွဲတို့ကို ထည့်သွင်း ကျင်းပခဲ့သည်။

 

ယနေ့ကျင်းပသည့်ငပလီဆောင်းဦးပွဲတော်ကို လူပေါင်း သုံးထောင်ခန့်ပါဝင်ဆင်နွဲခဲ့ကြောင်း ငပလီမြို့ရပ်မိ၊ရပ်ဖတစ်ဦးဖြစ်သည့် ဦးထွန်းသန့်ကျော်က ပြောသည်။ 

 

"ဖွင့်ပွဲကတော့ရခိုင့်အနှစ်သာရတွေနဲ့ပဲ ဖွင့်လှစ်တာပါ။ ရခိုင်စည်တော်တီးပြီး ရခိုင်ရိုးရာအကတွေနဲ့ဖျော်ဖြေတယ်။ အဓိက ရခိုင်ရိုးရာကိုပဲ ဖော်ပြတာပါ။ ဒေသခံတွေကတော့ စတိတ်ရှိုးတွေ၊ ရခိုင်အဆိုတော်တွေနဲ့စီစဉ်ချင်တာလေ။ဒါပေမယ့် လုံခြုံရေးအကြောင်းပြချက်နဲ့  ပြည်နယ်အစိုး၇ အဖွဲ့က ခွင့်မပြုဘူး။ ဖွင့်ပွဲက ခါတိုင်းထက်စာရင်တော့ဒီနှစ်နည်းနည်းစည်ကားပါတယ်။ လူပေါင်း သုံးထောင်လောက်လာတယ်။ ဒါပေမယ့် လုံခြုံရေးအရ အထဲဝင်ခွင့်မပေးတာတွေတော့မဝင်ရဘူးပေါ့။ ကမ်းခြေမှာတော့ လူတိုင်းဝင်လို့၇တယ်"ဟု ပြောသည်။

 

ယခုကဲ့သို့ဆောင်းဦးပွဲတော်ကျင်းပရခြင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ ပိုမိုဆွဲတောင်နိုင်ရန်နှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအဆင်ပြေစေရန် ရည်ရွယ်ချက်ကြောင့် ငပလီကမ်းခြေဆောင်းဦးခရီးသွားရာသီကိုဖွင့်လှစ်ကြိုဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

 

"ဒီနေ့မှာဆောင်းဦးပွဲတော်ဖွင့်ပါတယ်။ ငပလီကမ်းခြေကိုဖွင့်လိုက်တဲ့ သဘောပါ။ အဓိကက ခရီးသွားတွေလာအောင်မျှော်လင့်တာပေါ့။ အဲ့ဒီအတွက် ရည်ရွယ်ပြီး ဖွင့်လိုက်တာပေါ့။ ခရီးသွားတွေလာတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ် ဒေသခံတွေအနေနဲ့ အကျိုးစီးပွားဖြစ်ထွန်းတယ်လေ။ ဥပမာ တုတ်တုတ်သမားတွေ၊ Taxiသမားတွေ၊ စားသောက်ဆိုင်တွေ၊အမှတ်တရပစ္စည်းဆိုင်တွေ ရောင်းရဖို့ ၊အဓိက ဒီရည်ရွယ်ချက်ပါ"ဟု ပြောသည်။

 

ပြီးခဲ့သည့်၂၀၂၁ ခုနှစ်က ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို (၅) ရက်တိုင်တိုင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်ယနေ့ နိုဝင်ဘာ (၂၁) ရက် တစ်ရက်တည်းသာ ကျင်းပမည်ဟု သိ၇သည်။(NN-7)

#ခရီးသွားလုပ်ငန်း/ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.