Preview

စစ်တွေဘုန်းကြီးကျောင်းနှစ်ကျောင်းမှ ဖမ်းဆီးသွားသူ ၉ ဦးအနက် ၄ဦးကို ပြန်လွှတ်ပြီး အဝေးသင်တက္ကသိုလ်ကျောင်းသား ၅ ဦးကိုဆက်လက်ဖမ်းဆီးထား

နိုဝင်ဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :2442
ရခိုင် သတင်း
နိရဉ္စရာ၊ နိုဝင်ဘာ ၂၂/၂၀၂၂

စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းမှ ဖမ်းဆီးသွားသည့်လူ ၉ ဦးအနက် ဒေသခံ ၄ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီး အဝေးသင်တက္ကသိုလ်ကျောင်းသား၅ ဦးကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းရရှိသည်။  

ပြန်လွတ်မြောက်လာသူများမှာ စစ်တွေမြို့ ဓည၀တီ (က)ရပ်ကွက်ရှိဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် ကျောက်တော်မြို့နယ် ခွဆုံကျေးရွာမှ မောင်ကံစိုး(၂၅)နှစ်၊ အသောကရာမ ဘုန်းတော်ကြီးကျောင်းမှ ဦးထွန်းစိန်မောင် (၄၈) နှစ်၊ ဦးမောင်လှထွန်း(၄၆) နှစ်၊ ဦးဦးစိုးဝင်း (၂၉) နှစ် တို့ဖြစ်ကြောင်း သိ၇သည်။

၎င်းတို့သည် ယမန်နေ့နိုဝင်ဘာလ ၂၁ ရက်၊ ညနေ ငါးနာရီခန့်က ပြန်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဦးမောင်လှထွန်း၏မိသားစုဝင်တစ်ဦးကပြောသည်။

"ဘယ်နေရာကလွတ်လိုက်တာလဲတော့မပြောဘူး။ ကိုယ့်ဖာသာလာခဲ့ကြတာပါ။ သူတို့ကတော့ ဘာမှမပြောပါဘူး။ အပြစ်မရှိလို့ လွတ်လာတယ်လို့ပဲပြောပါတယ်။လူကလည်း အားလုံးကျန်းကျန်းမာမာရှိပါတယ်။ ဖမ်းတဲ့အခါသိမ်းသွားတဲ့ ဘေးတွဲတွေကိုလည်း ဒီနေ့အမှတ်(၁) ရဲစခန်းကနေသွားယူပါမယ်" ဟုပြောသည်။

ပြန်လွတ်လာခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးခံထား၇သည့် အဝေးသင်ကျောင်းသားများမှာ စစ်တွေမြို့ ဓည၀တီ(က)ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီးဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှ ပုဏ္ဏားကျွန်း မြို့နယ် မြက်သောက်ကျေးရွာမှ မောင်ဘိုအောင်ခင်(၂၃) နှစ်၊ မောင်အောင်လင်းစိုး (၂၀) နှစ်၊ မောင်စိုးမင်း (၂၁) နှစ်နှင့်  ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းကျေးရွာမှ မောင်အောင်ငြိမ်း(၂၁) နှစ်၊ မောင်ဇော်လှိုင်ဦး (၂၀) နှစ်တို့ဖြစ်သည်။

၎င်းတို့ ၉ ဦးစလုံးကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်က ပြန်လွတ်ပေးမည်ဟုသတင်းကြား၇သဖြင့် မိသားစုများမှာ မျှော်လင့်စောင့်စားနေခဲ့သော်လည်း ယင်း ၉ ဦးအထဲမှလေးဦးသာပြန်လွတ်လာခဲ့ပြီး တက္ကသိုလ်ကျောင်းသား ငါးဦးမှာမူ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းသိ၇သည်။

ကျန်ရှိသည့် တက္ကသိုလ်ကျောင်းသားငါးဦးကို မည်သည့်နေရာတွင်ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း အတိအကျမသိ၇ကြောင်း နီးစပ်သူများကပြောသည်။

သူတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် ညဉ့် ၁၂ နာရီခန့်တွင်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ၎င်းဘုန်းတော်ကြီး နှစ်ကျောင်းမှ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိ၇သည်။

 ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများအနက် မြသောက်နှင့်ပဲစိနန်းကျေးရွာတို့မှလူငယ် ၅ ဦးသည် တက္ကသိုလ်စာမေးပွဲ ဖြေပြီး၍ ကွန်ပျူတာသင်တန်းနှင့်ဂျပန်၊ အင်္ဂလိပ်နှင့် ကိုရီးယားစကားပြောသင်တန်း တက်ရောက်နေသူများဖြစ်ကြောင်းသိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.