ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ဒေသခံ (၈)ဦး ပြန်လည်လွတ်မြောက်လာ


နိရဥ္စရာ၊ နိုဝင်ဘာ ၂၂/၂၀၂၂

 

ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုး၊ ကွန်းတောင်၊ ကျွဲထိုးကျေးရွာတို့မှ ဖမ်းဆီးခံထားရသည့် ဒေသခံ (၈)ဦး ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်က ြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

 

လွတ်မြောက်လာသူများမှာ တန်းခိုးကျေးရွာက ဦးမောင်ဝင်းကြိုင်(၅၆ နှစ်)၊ ဦးဦးမောင်သိန်း (၅၁ နှစ်)၊ ဦးဂျောဂျီအောင်(၅၅ နှစ်)၊ ဦးမောင်သိန်း(၄၈ နှစ်) တို့ (၄) ဦး တို့ဖြစ်ကြသည်။

 

၎င်းတို့ ၄ ဦးအပြင် နောက်ထပ် ကျွဲထိုးကျေးရွာမှ ဦးထွန်းလှအေး(၄၅ နှစ်)၊ ကွန်းတောင်ကျေးရွာမှ ကိုနေထက်လင်း (၂၅ နှစ်)၊ ကိုဟန်ဝင်း(၃၆ နှစ်) နှင့် ကိုလတ်(ဟန်တင်ဝင်း (၂၈ နှစ်) တို့ လည် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

 

ကွန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက "သူတို့က ကွန်းတောင်က ပုဏ္ဏားကျွန်းသွားလမ်း တန်းခိုးရွာနားလမ်းကသွားတုန်းက အဖမ်းခံရတာပါ။ မနေ့က ပြန်လွတ်ပေးလိုက်တယ်လို့ပြောပါတယ်။ မနေ့က နေဝင်သွားလို့ နာရီကန်အုပ်ချုပ်ရေးမှူး အိမ်မှာ တစ်ညတည်းခိုခဲ့ရပြီး ဒီမနက် (၈) နာရီလောက်မှာ ကျောက်တန်းဂိတ်ကို ရွာကလူတွေ သွားခေါ်ကြတာပါ"ဟု ကွန်းတောင် ကျေးရွာသားများပြန်လည်လွတ်မြောက်လာပုံနှင့် ပတ်သက်ပြီး ပြောသည်။

 

ယခုပြန်လွတ်လာသည့် တန်းခိုးရွာသား (၄) ဦးနှင့် ကျွဲထိုးကျေးရွာသားတစ်ဦးတို့သည်လည်း  နိုဝင်ဘာ ၁၂ ရက်နေ့ကတည်းက ရွာထဲကို စစ်သားများဝင်လာသည့်အချိန်တွင်ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး ၁၀ ရက်အကြာတွင် ပြန်လွတ်လာခြင်းဖြစ်သည်။

 

"အားလုံး မနေ့က နေ့လယ်က ပြန်လွတ်လာကြပါပြီ။ သူတို့ကတော့ လူတွေနဲ့ သိပ်မတွေ့ချင်သေးတဲ့ သဘော တွေ့ရတယ်"ဟု ပြောသည်။

 

လက်ရှိ ရခိုင်မှာ စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ရှိနေခြင်းဖြစ်ပြီး တချို့ကို စစ်ကြောရေးတွင် နှိပ်စက်စစ်ဆေးမှုများရှိသလို၊ တချို့ကို ငွေကြေးတောင်းခံကာ ပြန်လွတ်ပေးမှုများရှိနေကာ တချို့မှာ နိုင်ငံတော်အကြည်အညိုပျက်တွေမှုပုဒ်မများတပ်ကာ ဖမ်းဆီး တရားစွဲဆိုခံရမှုများရှိနေခြင်းဖြစ်သည်။ (NN-7)

Share: