မောင်တောတွင် ဖမ်းဆီးခံရသည့် မင်းပြားမှအမျိုးသမီးငယ်တစ်ဦးနှင့် ကယ်ရီသမားတို့ နှင့် ၂၃ ရက် ရက်ကြာသည့်တိုင် မိသားစုနှင့်အဆက်အသွယ်မရ


နိရဥ္စရာ၊  နိုဝင်ဘာ ၂/၂၀၂၂

 

မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးဂိတ်တွင် ဖမ်းဆီးခံရသည့် မင်းပြားမှ မအေးမြစန္ဒာနှင့်  ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မောင်ကျော်တို့ နှစ်ဦး ဖမ်းဆီးခံထားရသည်မှာ ယနေ့ဆိုလျှင်  ၂၃ ရက် ရှိလာခဲ့ပြီဖြစ်သော်လည်း အဆက်အသွယ် မရသေးသဖြင့် အထူးစိုးရိမ်စရာဖြစ်နေကြောင်း မိသားစုများက ပြောသည်။

 

သူတို့ နှစ်ဦးသည် ဆိုင်ကယ်ဖြင့် မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာမှ မောင်တောသို့ ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်းနယ်ခြားစောင့် အမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးငြိမ်းချမ်းက "အခုထိ ဘယ်နေရာမှ ဖမ်းဆီးထိန်းသိမ်းထားမှန်း မသိရသေးပါဘူး။ အခု မောင်တောတရားရုံး မှာ ရမနါယူ တရားစွဲမယ်လို့တော့ ကြားတယ်။ အတိအကျမသိရသေးပါဘူး။ ဘယ်ပုဒ်မနဲ့ ဘယ်လိုစွဲမလဲ မသိရသေးဘူး" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။ 

 

ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောကျေးရွာမှ ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အသက် ၂၀ အရွယ် မအေးမြစန္ဒာနှင့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ကယ်ရီသမား ကိုမောင်မောင်ကျော်တို့ဖြစ်ကြသည်။ 

 

၎င်းတို့နှစ်ဦးသည် မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာမှ မင်းပြားမြို့နယ်၊ ပြိုင်းတောရွာသို့အပြန် တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် မောင်တောမြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုမည့်သတင်းများ ကြားနေရပြီး မည်သည့်ပုဒ်မနှင့်တရားစွဲဆိုမည်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။ 

 

လက်ရှိ ရက်ပေါင်း နှစ်ဆယ်ကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်နေကြရကြောင်း  သူက ဆက်ပြောသည်။

 

"ဘာအပြစ်မှ မလုပ်ထားပဲ အဖမ်းခံလိုက်ရတယ်။ အခုတရားစွဲဆိုခံရမည့်အခြေအနေပေါ့နော်။ ဒါပေမယ့် စစ်တပ်လက်ထဲရှိနေတာထက် တရားရေးလမ်းကြောင်းအရ လုပ်တာကတော့ ပိုစိတ်ချရပါတယ်။ ဖြစ်နိုင်ရင်တော့ ဘာအပြစ်မှမရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ မိသားစုတွေအကုန်လုံး စိုးရိမ်နေကြပါတယ်"ဟု ပြောသည်။ 

 

နိုဝင်ဘာ (၁) ရက်နေ့တွင်ပင် အဝေးသင်စာမေးပွဲဖြေပြီးပြန်လာသည့် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကယ်ရီသမားတစ်ဦးတို့လည်း ကျီးကန်းပြင်နယ်ခြားစာင့် ဌာနချုပ်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသေးသည်။ 

 

မောင်တောမြောက်ပိုင်းတွင် တကျော့ပြန်စစ်ရေးတင်းမာလာပြီးနောက် သွားလာရေး လမ်းကြောင်းများကို ပိတ်ပင်ထားခြင်းဖြစ်ပြီး လကုန်ရက်များတွင်သာ နားလည်မှုနှင့် သွားလာခွင့်ပေးထားသော်လည်း စစ်ဆေးရေးတင်းကျပ်မှုများနှင့် ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများက ပြောသည်။(NN-7)

Share: