ကျွဲတဲရွာ အထက(ခွဲ)တွင် ကျောင်းသူ၊ကျောင်းသား (၁၀)ကျော်ထိ အသက်ရှုမွန်းကျပ်ပြီး အရေးပေါ် ဆေးရုံတင်ရ


နိရဉ္စရာ၊ နိုဝင်ဘာ ၂၃/၂၀၂၂

မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထ ကျောင်းခွဲတွင် ယနေ့နံနက်က ကျောင်းသား၊ ကျောင်းသူ တစ်ချို့ အသက်ရှုမရ မွန်းကြပ်လာသည့်အတွက် မြောင်းဘွေတိုက်နယ်ဆေးရုံကို အရေးပေါ် တင်လိုက်ရကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အဆိုပါ ကျောင်းတွင်တာဝန်ကျနေသည့် ကျောင်းဆရာတစ်ဦးက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

ကျွန်တော်တို့ ၉ နာရီ ၅၀ ခန့်မှာ ကျောင်းဝင်ပြီး နာမည်ခေါ်လို့ပြီးတာနဲ့ Grade 9 က ကျောင်းသူ တစ် ယောက် အသက်ရှုကြပ်ပြီး စပြီးတော့မွန်းတယ်။ သူ့ကို ဆရာမတွေက ရှုဆေးတွေနဲ့အပြင်ထုတ်ပြီး လုပ်ထားတယ်။ နောက် အစကတည်းက မွန်းတတ်တဲ့ ကလေးနှစ်ယောက်လည်း သူ့ကိုမြင်ပြီး အသက်ရှု မရဖြစ်သွားတယ်။ အဲလို ၃ ယောက်ကနေ ခဏနေ နောက်တစ်ယောက် ထပ်ဖြစ်တယ်။ ကျွန်တော်တို့လည်း ရွာက ဆေးမှူးနဲ့ သူနာပြုကိုခေါ်ပြီးပြုစုတယ်။ များလာတဲ့အတွက် မြောင်းဘွေက လူနာတင်ကားခေါ်ပြီး ပို့လိုက် ရတယ်။

ကျောင်းသားကျောင်းသူ ၁၂ ယောက်ထိ မွန်းကျပ်မှုဖြစ်လာသဖြင့် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ကျောင်းကို ယာယီ ပိတ်ထားလိုက်သည်ဟု သိရသည်။

 ကျောင်းသူ၊ကျောင်းသားများကိုလည် နေအိမ် ပြန်ခိုင်းလိုက်ပြီးနောက် အိမ်မှာလည်း တချို့ထပ်ဖြစ်သည်ဟု သိရသည်။  

ကျွန်တော်တို့က ဒီကျောင်းက ပို့လိုက်တာကို လောက်ဘဲသိတယ်။ နောက်အိမ်က ပို့လိုက်တာတော့ အတိကျမသိဘူး ၁၂ ယောက်လို့တော့ပြောကြတယ်ဟု ၎င်းကျောင်းဆရာက ပြောသည
ယခုဆေးရုံကို ယူသွားသည့် ကျောင်းသူ၊ ကျောင်းသားများထဲတွင် ကျွဲတဲရွာမှ ၄ ဦးနှင့် တန်းပျင်းကြီးရွာမှ ၄ ဦး ပါဝင်ပြီး စုစုပေါင်း ၁၂ ဦးဖြစ်ကြောင်းလည်း မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါကျောင်းသား ကျောင်းသူများကို မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုပေးနေပြီး အပြင်လူ ဝင်ခွင့်များကို ပိတ်ပင်ထားကြောင်းလည်း ကျောင်းသားတစ်ဦးနှင့် ဆွေမျိုးတော်စပ်သည့် ဆရာတော် တစ်ပါးကလည်း ယခုကဲ့သို့မိန့်ကြားသည်။

အခု ဆေးရုံမှာရောက်နေတာက အားလုံး ၁၂ ယောက်၊ သူတို့ကိုအထဲကို ယူသွားတယ်။ မိသားစုဝင်တွေ လည်းဝင်ခွင့်မရဘူး။ အပြင်ကလူတွေ တစ်ယောက်မှ ဝင်ခွင့်မပေး။ပိတ်ထားတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အသေးစိတ် သိရအောင် မြောင်းဘွေဆေးရုံကို ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပါ။

Share: