မြောက်ဦး ကျွဲတဲအထကမှ အသက်ရှူကျပ်၍ ဆေးရုံတင်ခဲ့ရသည့်ကျောင်းသူ ၁၃ ဦးအားလုံး ဆေးရုံဆင်းသွားကြပြီဖြစ်


 

နိရဉ္စရာ၊ နိုဝင်ဘာ ၂၄/၂၀၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထကကျောင်း(ခွဲ)မှ တပြိုင်တည်း အသက်ရှူမွန်းကျပ်ခဲ့မှုသည် ကျောင်းသူ ၁၃ ဦးမှာ ကျန်းမာရေးကောင်းမွန်သွားပြီဖြစ်သဖြင့် ယမန်နေ့ ညနေကတည်းက ဆေးရုံက ဆင်းသွားကြပြီဟု သိရသည်။

 

ယခုကဲ့သို့ ကျောင်းသူ ၁၃ ဦးတစ်ပြိုင်တည်း  အသက်ရှူမွန်းကျပ်မူဖြစ်ခဲ့ရခြင်းမှာ  သူတို့စားခဲ့သည့်ရေခဲချောင်းများနှင့် စိတ်ကြောင့်ဟု ဆရာဝန်က သုံးသပ်သည်ဟု ဒေသခံများက ပြောကြားသည်။

အဆိုပါ ကျောင်းသူ ၁၃ အနက် ကျောင်းသူတစ်ဦးတွင် နှလုံးရောဂါအခံရှိပြီး ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက် နံနက်တွင် ကျောင်းခန်း၌စာသင်ကြားနေစဥ် ရုတ်တရက် အသက်ရှူကျပ်လာသည့်အတွက် ဆရာ၊ ဆရာမများက ရှူဆေးဗူးများဖြင့် ဝေဒနာ သက်သာအောင်ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

ယင်းဖြစ်စဥ်ကို သွားကြည့်ခဲ့ကြသည့် အခြားကျောင်းသူနှစ်ဦးသည်လည်း ထပ်မံအသက်ရှူကျပ်ပြီးနောက် အခြားကျောင်းသူအချို့တို့သည်လည်း အသက်ရှူကျပ်မှု ဆက်တိုက်ဖြစ်လာခဲ့ရာ ကျောင်းကိုလွှတ်လိုက်ရပြီး ကျောင်းသူ ၁၃ ဦးကို ဆေးရုံတင်ခဲ့ရသည်ဟု သိရသည်။

ကျောင်းလွှတ်လိုက်ပြီးနောက် အိမ်သို့ပြန်ရောက်သည့်အခါလည်း ကျောင်းသူအချို့ ထပ်မံအသက်ရှူကျပ်ကာ မူးမေ့လဲကျသွားခဲ့သည့်အတွက် မြောင်းဘွေတိုက်နယ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု ရွာသားများက ပြောသည်။

ယင်းဖြစ်စဥ်ကြောင့် Grade(7)မှ Grade (9)အထိ  စုစုပေါင်း ဆေးရုံတင်ခဲ့ရသည့် ကျောင်းသူ ၁၃ ဦးအထိရှိခဲ့သည်ဟုလည်း ဆိုသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မြောင်းဘွေတိုက်နယ်ဆရာဝန်အားမေးမြန်းခဲ့သည့် ရပ်မိရပ်ဖ တစ်ဦးက "ဆရာဝန်ကြီးကပြောတာက စိတ်ကြောင့်ဖြစ်တာလို့ပြောပါတယ် ကျနော်တို့အဲဒီမှာ အောက်ဆီဂျင်တိုင်းတယ်။ နှလုံးခုန်နှုန်းတိုင်းတယ်။ နှလုံးခုန်နှုန်းလည်းအကောင်း၊ အောက်ဆီဂျင်လည်းအကောင်းပါ။ အသက်ရှူကျပ်တယ်ဆိုတာကလည်း စိတ်ပယောဂကြောင့် ထင်ပါတယ်တဲ့။ သူငယ်ချင်းတစ်ယောက်က မွန်းကျပ်နေတာမြင်တော့ နောက်တစ်ယောက်က ဘာဖြစ်မှန်းမသိ၊ ကိုဗစ်ဖြစ်လား၊ အဲလို စိတ်တွေမွန်းကျပ်ပြီးတော့ဖြစ်တတ်တယ်။  ်တော့ အောက်ဆီဂျင်တွေဘာတွေပေးလိုက်တော့ တစ်ခုမှမဖြစ်တော့ဘူး။ အားလုံးကောင်းသွားပြီ ဆိုလိုက်တော့ ခဏလေးနဲ့ သက်သာသွားကြတယ်။ မိန်းကလေးတစ်ယောက်ဆိုရင် ဓာတ်ပုံမှတ်တမ်းတောင်မယူလိုက်ရဘူး။ ခဏလေးနဲ့ကောင်းသွားလို့ဆေးရုံက ချက်ချင်းဆင်းသွားတယ်"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောင်းဘွေတိုက်နယ်ဆရာဝန်ကိုဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

ယခုဖြစ်စဥ်မှာ စိတ်ပိုင်းဆိုင်ရာကြောင့်လည်းဖြစ်နိုင်သလို ကျောင်းအနီးရောင်းချသည့် သူတို့စားသုံးခဲ့ကြသော ရေခဲချောင်းကြောင့်လည်း ၅၀ ရာခိုင်နှုန်း ဖြစ်နိုင်သည်ဟုလည် ဒေသခံရပ်မိရပ်ဖများနှင့် ကျောင်းသားမိဘများက ယူဆနေကြသည်။

ကျောင်းသားမိဘတစ်ဦးက "ဒီမှာရောင်းနေတဲ့ရေခဲချောင်းတွေဟာ မြို့က၊ စက်ရုံကြီးတွေက သန့်သန့်ပြန့်ပြန့်ထုတ်တဲ့ ရေခဲချောင်းတွေမဟုတ်ဘူး။ ဒီမှာ တပိုင်တနိုင် ရောင်းနေကြတဲ့ ရေခဲချောင်းတွေဖြစ်တယ်။ ကျနော်တို့ ဒီမှာစားကြည့်လိုက်တဲ့အခါလည်း သံချေးနံ့နံတယ်။ ဆိုးဆေးများတယ်။ ဆေးသကြားများတယ်။ အဲလိုတွေတွေ့ပါတယ်။ ကျနော်တို့ထင်တာက ရေကလည်း သန့်မှာမဟုတ်ဘူး။ ဆိုတော့ ဖြစ်နိုင်ခြေက ကိုဗစ်ဆိုရင်လည်း တစ်ကျောင်းလုံး ဖြစ်မယ်လေ။ ဆိုရင် စိတ်ကြောင့်ဖြစ်တာက ၅၀ ရာနှုန်း၊ ရေခဲချောင်းကြောင့်ဖြစ်တာက ၅၀ ရာခိုင်နှုန်းလို့ထင်ပါတယ်"ဟု ပြောသည်။

ယင်းကြောင့် ကျောင်းအနီးရောင်းချနေကြသည့် ရေခဲချောင်းရောင်းသူများကို သက်ဆိုင်ရာက သေသေချာချာ စိစစ်ပြီးမှ ရောင်းချခွင့် ပေးစေလိုသည်ဟုလည်း ဒေသခံများနှင့် ကျောင်းသားမိဘများက ပြောဆိုနေကြသည်။

လက်ရှိတွင် အဆိုပါကျောင်းသူ၊ ကျောင်းသားများသည် ယမန်နေ့ညနေတွင် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး ကျောင်းကိုလည်း ယနေ့တွင် ပုံမှန်အတိုင်းဖွင့်လှစ်သင်ကြားနေပြီဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - မြောင်းဘွေတိုက်နယ်ဆေးရုံအားတွေ့ရစဥ်။

Share: