စစ်တွေရှိ ယာဉ်ထိန်းရဲအချို့က မွတ်ဆလင်ဆိုင်ကယ်များကို ပစ်မှတ်ထားလိုင်စင်စစ်ကာ ဖမ်းဆီးငွေညစ်ခြင်းများလုပ်ဆောင်နေဟုဆို


နိရဉ္စရာ၊ နိုဝင်ဘာ ၂၄ /၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ယာဉ်ထိန်းရဲအချို့သည် စစ်တွေမြို့တွင်းနှင့် ဘုမေ၊ သဲချောင်းတဝိုက် နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်များဖြင့် သွားလာနေသည့် မွတ်ဆလင်များကို အဓိက ပစ်မှတ်ထားကာ ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးနေပြီး ဖမ်းဆီး၊ ငွေညစ်မှုများ လုပ်ဆောင်နေသည်ဟု ွတ်ဆလင် ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီး ငွေညစ်မှုများကို ယခင်နှစ်များကလည်း ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် အခြေအနေပို၍ ဆိုးဝါးလာနေသဖြင့် နှစ်ဘီးယာဉ်၊ သုံးဘီးယာဉ်များဖြင့် လုပ်ကိုင်စားသောက် နေသူ လက်လုပ်လက်စားများအနေဖြင့် ယခုလို စီးပွားရေးကျပ်တည်းသည့် ကာလတွင် အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု ၎င်းတို့က ပြောဆိုသည်။

ယာဉ်ထိန်းရဲ အချို့သည် စစ်တွေမြို့ ယာဉ်ထိန်းဂိတ်ရှိသည့် နေရာများတွင်သာမဟုတ်ဘဲ မွတ်ဆလင်များ ဆိုင်ကယ်များဖြင့် သွားလာတတ်သည့် လမ်းကြောင်းများတွင်ပါ စောင့်ဆိုင်းကာ မ်းဆီးခြင်းများ ပြုလုပ်ကာ ငွေတောင်းခံနေကြောင် ဘုမေကျေးရွာမှ မူဆလင် လူငယ်တစ်ဦးက ပြောသည်။

" ရမ်းကထက် အခု အဖမ်းများပါတယ်။ သွားလာလို့ကိုမရလောက်အောင်ပါ။ ဂိတ်တွေကလည်း ဖမ်းပါတယ်။ ဂိတ်မရှိတဲ့နေရာတွေမှာ ဆိုရင်လည်း စောင့်ပြီးဖမ်းပါတယ်။ မူဆလင်ပုံရိပ် မြင်ရင်ကို ဖမ်းပြီးငွေတောင်းတာပါဟု ပြောသည်။

၎င်းယာဉ်ထိန်းရဲများက လိုင်စင်မရှိသူ မည်သူ့ကို မဆို အားလုံးကို ဖမ်းသည်ဟုဆိုသော်လည်း အဓိက မွတ်ဆလင် ဆိုင်ကယ်စီးသူများကိုသာ ဦးတည်စစ်ဆေးပြီး ငွေညစ်နေကြောင်း ပြောဆိုသည်။  

သူတို့ကပြောရင်တော့ မောင်းလိုင်စင်မရှိတဲ့ သူတွေအားလုံးကို ဖမ်းတယ်ပြောတာပဲ။ ဒါပေမယ့် အမှန်တကယ်မှာသူတို့မဖမ်းပါဘူး။ ကျန်တဲ့ လူမျိုးတွေထက် ကျနော်တို့ကို ဖမ်းတယ်။ ငွေတောင်းတယ်။ ဒီလိုလုပ်ပါတယ်။ ကျနော့်သူငယ်ချင်းရခိုင်တစ်ယောက်ရဲ့ဆိုင်ကယ်နောက်က ကျနော်တို့မွတ်ဆလင် နှစ်ယောက် ထိုင်ပြီးလိုက်တာတောင် မဖမ်းပါဘူး။ ဟိုတလောကတော့ Without ကား၊ ဆိုင်ကယ်တွေ ဖမ်းတုန်းကတော့ အကုန်လုံးကို ဖမ်းခဲ့ပေမယ့် ကျနော်တို့တွေကိုကျတော့ အမြဲတမ်းဖမ်းပြီး ငွေညစ်နေတာပါ" ဟု ၎င်းလူငယ်ကပြောသည်။

ထိုသို့ဖမ်းဆီးမှုများပြုလုပ်ရာတွင်လည်း ယာဉ်ထိန်းရုံးကိုသွား၍ ရှင်းလင်းမည်ဆိုပါကာ တစ်သိန်းခန့် ကုန်ကျနိုင်သဖြင့် ၎င်းယာဉ်ထိန်းရဲများတောင်းဆိုသည် ငွေကျပ်ငါးသောင်းကို ဖမ်းမိသည့် အခါတိုင်း ပေးရသည်ဟု ဆိုသည်။

 ယာဉ်ထိန်းရုံးကို သွားရှင်းရင် ငွေ တစ်သိန်း ပေးရတယ်။ ရဲနဲ့ ရှင်းရင် ငါးသောင်းလောက်နဲ့ အဆင်ပြေပြီး ဖမ်းဆီးထားတဲ့  ဂိတ်ကနေတခါတည်းယူသွားနိုင်တယ်။  ယာဉ်ထိန်းရဲတွေကို ငွေငါးသောင်းနဲ့  ညှိနှိုင်းတော့ ချက်ချင်းဆိုသလို ပြန်လွှတ်ပေးတယ်ဟု ၎င်းကြုံခဲ့ရမှုနှင့် ပတ်သက်ပြီး ြောဆိုသည်။

ထိုသို့ ဖမ်းဆီး ငွေညစ်ခံနေရသဖြင့် မောင်းလိုင်စင်လျှောက်ထားရန်အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် အထောက်အထားများပေးပို့ လျှောက်ထားသော်လည်း ယာဉ်မောင်းလိုင်စင်ကို အချိန်မီ ရရှိခြင်းမရှိကြောင်း မူဆလင်ကျေးရွာသားများကပြောသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလက လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးများ၊ ကားများကို ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ နိုဝင်ဘာလ လကုန်အထိ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်လာရောက်လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့ထားသည်။

၎င်းအပြင် စစ်တွေမြို့တွင်း သွားလာနေကြသည့် မွတ်ဆလင်များကို မောင်းလိုင်စင်မပါဘဲ သွားလာနေမှုကြောင့် ဖမ်းဆီးရာတွင် ရိုင်းစိုင်းစွာဆဲဆိုမှုများလည်း ပြုလုပ်နေပြီး ကိုယ်ထိလက်ရောက် စော်ကားမှုတချို့လည်း ရှိကြောင်း မူဆလင်ဒေသခံများကပြောသည်။

ဖမ်းဆီးငွေညစ်ရာတွင်လည်း ငွေကျပ် သုံးသောင်းမှ ငါးသောင်းဝန်းကျင်အထိ ပေးဆောင်နေရပြီး အဆိုပါဒဏ်ကြေးသည် ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် မရှိဆင်းရဲသားများအတွက်လည်း အဆင်မပြေဖြစ်နေကြောင်း ဒေသခံများကပြောသည်။

မောင်းလိုင်စင်မပါ၍ ဖမ်းဆီးမှုများပြုလုပ်နေသည့်အထဲတွင် ၎င်းတို့နှင့်အတူ သွားလာနေသည့် လိုင်စင်အထောက်အထား တစ်ခုမှမပါရှိသော အခြားလူမျိုးများကိုမူ ဖမ်းဆီးခြင်းမရှိဘဲ ၎င်းတို့၏ လူမျိုးဘာသာကို ခွဲခြားဆက်ဆံနေသကဲ့သို့ ခံစားရပြီး အစိုးရ၏အာဏာကို အလွဲသုံးစား လုပ်နေဟန်နှင့် တူသည်ဟု  အမည်မဖော်လိုသူ မွတ်ဆလင်ဒေသခံတစ်ဦးက ဝေဖန်ပြောဆိုသည်။

 "ဥပဒေဟာ လူတိုင်းအတွက်ဖြစ်သလို တစ်ဖက်သတ် ဖမ်းဆီးခြင်း၊ ငွေညစ်ခြင်းဟာလည်း ယုတ်မာခြင်းနဲ့ မတရားဆက်ဆံတာဖြစ်ပါတယ်။ ကျနော်တို့က ဘုမေရွာမှာတောင် သွားလာခွင့် မရှိဘူးလားလို့ မေးချင်ပါတယ်။ အခုက ဘုမေကျေးရွာနဲ့ သဲချောင်း ကျေးရွာအတွင်းမှာတောင် သွားလာလို့ မရဖြစ်နေပါတယ်။ အထက်ကလူကြီးတွေလည်း အရေးယူ တားဆီးစေချင်ပါတယ်" ဟုပြောသည်။

 အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆိုင်ကယ်စီးသူ မင်းဂံရပ်ကွက် ရခိုင်လူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက ဆိုင်ကယ် လိုင်စင်မပါရင်၊ ဦးထုပ် မပါရင်တော့ မွတ်ဆလင်ရယ်လို့ မဟုတ်ပါဘူး။ အားလုံးကို ဖမ်းပါတယ်။ စစ်တွေမြို့ထဲမှာလည်း ဖမ်းပါတယ်။ ရခိုင်တွေကိုလည်း ဖမ်းပါတယ်။ ငွေတောင်းပါတယ်။ မီးသတ်ခွဆုံ၊ လေယာဉ်ကွင်းဝင်၀တို့မှာ မကြာခဏစစ်ပါတယ်။ လိုင်စင်မပါရင် လူတိုင်းဆီက ဒီလိုတောင်းနေကျပါ။ နည်းတာများတာသာကွာပါမယ်။ ဟိုဘုမေဘက်မှာကျတော့ မွတ်ဆလင်တွေများတော့ သူတို့ကိုဘဲ သက်သက်ဘဲ စစ်တယ်လို့ ထင်တာပါ။ ငွေတောင်းတယ်လို့ ထင်ပါ။ ဒီဘက်မှာရခိုင်တွေလည်း ပေးနေရတာပါဘဲဟု ပြောဆိုသည်။

မွတ်ဆလင်ဆိုင်ကယ်စီးသူများအနေဖြင့်လည်း ယာဉ်မောင်းလိုင်စင်လျှောက်ထားသင့်ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း လိုင်စင်လျှောက်ထားသူများကို လူမျိုးဘာသာမခွဲခြားဘဲ စောစီးစွာ ဆောင်ရွက်ပေးသင့်သည်ဟု ၎င်းလူငယ်က ပြောဆိုသည်။

စစ်တွေမြို့၌ ဆိုင်ကယ်လိုင်စင်မပါသူများ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို စစ်တွေတွင် အကျင့်ပျက် ခြစားသူ ယာဉ်ထိန်းရဲအချို့က နေ့စဉ်နေ့တိုင်းဖမ်းဆီး ငွေညစ်မှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။

(NN-8)

Share: