မြေပုံမြို့နယ်မှ ဖမ်းဆီးခံရသည့် အရပ်သား(၃)ဦးပြန်လွတ်လာ၊ စစ်ကောင်စီတပ်၏ လူမဆန်စွာညှဉ်းပမ်းနှိပ်စက်ခံရမှုကြောင့် တစ်ဦးမှာသတိမေ့ပြီးဆေးရုံတင်ရ


နိရဥ္စရာ၊ နိုဝင်ဘာ ၂၄/၂၀၂၂

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာမှ အရပ်သား (၃) ဦးသည် နိုဝင်ဘာ ၂၃ ရက် ညနေက ပြန်လွှတ်ပေးလိုက်သော်လည်း စစ်ကြောရေးတွင် လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံရမှုကြောင့် တစ်ဦးမှဒဏ်ရာပြင်းထန်ပြီး သတိမေ့ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သူတို့ သုံးဦးကို ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် ည ၁၂ နာရီခန့်တွင် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်တွင် လွှတ်ပေးခဲ့ပြီးနောက် သူတို့ သုံးဦးအနက် တစ်ဦးမှာ နှိပ်စက်ခံထားရသည့် ဒဏ်ရာမှာ ပြင်းထန်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

" ၁၂ နာရီကျော်လောက်က မင်းဘာကြီးရပ်ကွက်နားမှာ လွှတ်ပေခဲ့တာလို့ပြောပါတယ်။ တစ်ယောက်ကတော့ ရွာပြန်သွားပြီလို့ ပြောပါတယ်။ ကျန်နှစ်ယောက်အထဲက  တစ်ယောက်က ဒဏ်ရာတွေပြင်းတော့ မူးလဲသွားလို့  ဆေးရုံတင်လိုက်ကြတာပါ။ စစ်သားတွေရဲ့ လက်ချက်ကြောင့် ကျောတွေ၊ ခြေတွေ၊ လက်တွေမှာ ဒဏ်ရာတွေရထားတာပါ။ ကျနော်သွားတုန်းကတော့ သူသတိမရသေးပါဘူး" ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ဆေးရုံတင်ရသူမှာ ဦးငမဲချေ နှင့် ဒေါ်အေးချေ တို့၏သား ကိုအောင်ဝင်းစိုး (၂၆ နှစ်)သည်။

"ဒဏ်ရာတွေက အစ်ကိုမြင်ခဲ့တာအရကတော့ အပြင်ပေါ်အနေအထားပေါ့လေ လက်ကောက်ဝတ်မှာ ကြိုးစည်းရာ ဒဏ်ရာတွေရှိတယ်။ ခြေထောက်တွေမှာ ရှိတယ်။ ကျောမှာလည်း ဓားဒဏ်ရာတွေရှိတယ်လို့ ပြောတယ်။ သူအိပ်နေလို့တော့ အစ်ကိုမကြည့်ခဲ့ရဘူး။ ဆေးပုလင်းကြီးချိတ်ထားရတယ်။ သတိတော့ ရပြီလို့ သူနဲ့အတူလွတ်လာတဲ့ နောက်တစ်ယောက်က ပြောတယ်" ဟု ၎င်းက ပြောသည်။ 

၎င်းတို့ (၃) ဦးကို နိုဝင်ဘာ (၁၈ ) ရက်နေ့ ညနေက  မြေပုံ-ပေါက်တော စစ်ဆေးရေးဂိတ်အနီးတွင် (၅၄၁) တပ်ရင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်သည် ရခိုင်တွင် ဖမ်းဆီးခံရသူများအား လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်မှုများရှိနေသဖြင့် ဖမ်းဆီးခံရသူများအနေဖြင့် အထူးစိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟု သိရသည်။

မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)သည်လည်း စစ်ကြောရေးတွင် လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ခံရမူကြောင့် ဒဏ်ရာပြင်းထန်၍  စစ်တွေဆေးရုံကလက်မခံသဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်က ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် စီးပွားရေးလုပ်ငန်းရှင်များ၊ အပြစ်မဲ့ ဒေသခံများ၊ ပရဟိတသမားများ ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများအပြင် ရဟန်းသံဃာများကိုပါ ဖမ်းဆီးမှုများရှိနေပြီး စစ်ကြောရေးတွင် ပြင်းထန်စွာ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသည်။

Share: