နိရဥ္စရာ၊နိုဝင်ဘာ ၂၈ /၂၀၂၂
၇ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်၀မြို့နယ်တွင်၂ လကျော်အတွင်း စစ်တပ်၏ပစ်ခတ်မှုကြောင့် အရပ်သား၂၆ ဦးထက်မနည်းသေဆုံးပြီး ၁၁၁ ဦးပြင်းထန်ဒဏ်ရာ၇ခဲ့ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (AA)၏ ပြောခွင့်၇သူ ဦးခိုင်သုခကယနေ့တွင်ပြောဆိုလိုက်သည်။
စက်တင်ဘာလ၂၀ ရက်မှ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်အထိသေဆုံးသွားခြင်းဖြစ်သည်ဟု ဦးခိုင်သုခကပြောသည်။
“သေဆုံးသွားတဲ့ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲ၇ပါကြောင်း ULA/AA အနေနဲ့ ဒီနေရာကနေထပ်ဆင့်ပြောကြားလိုပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေကိုသတိထားစောင့်ကြည့်ဖို့လိုသလို အပြစ်ရှိတဲ့သူတွေကိုလည်း အပြစ်ပေးနိုင်ဖို့အတွက်အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုပါတယ်”ဟု ပြောသည်။
ယနေ့နိုဝင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီတွင်ပြုလုပ်သည့် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသွားခြင်းဖြစ်သည်။
အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ရပ်များထဲမှ အစုလိုက်အပြုံလိုက်ကြေကွဲဖွယ် သေဆုံးမှုဖြစ်ရပ် တစ်ခုမှာ မြိုလူမျိုးများနေထိုင်သည့်မောင်တောမြို့နယ် ဂြစ်ချောင်းကျေးရွာတွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ်က ကလေးငယ်တစ်ဦးကိုနားထိုးပွဲပြုလုပ်နေစဉ် အနီးအနားရှိကြိမ်ချောင်း နယ်ခြားစောင့်တပ် နခခ(၇)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃လုံးကျရောက် ပေါက်ကွဲ၍ ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် ၁၃ ဦးသေဆုံးပြီးဒေသခံ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်ဆင်အင်းကြီးရွာတွင် နိုဝင်ဘာ ၁၀ ရက်နေ့က ရွာထဲကို ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုက အသက် ၉၀ အရွယ် အဖွားအိုတစ်ဦးအပါအဝင် ရွာသား ၉ ဦးကို အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့သည်။
စစ်ကောင်စီတပ်သည်စစ်ပွဲကာလအတွင်း အေးချမ်းစွာနေထိုင်ကြသည့်အပြစ်မဲ့ပြည်သူများကို အကြောက်တရားလွှမ်းမိုးအောင်ရည်ရွယ်၍ တိုက်ပွဲလုံး၀မရှိဘဲ ရပ်ရွာများကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ယင်းပစ်ခတ်မှုများမှာ ULA/AA ကပစ်ခတ်ခြင်းဖြစ်သည်ဟုလုပ်ကြံဝါဒဖြန့်မှုတွေလည်းရှိခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီတပ်ကကုန်းလမ်းနှင့် ရေလမ်းတို့ကိုပိတ်ပင်ထား၍ ပြည်သူများ အသွားအလာပြတ်တောက်ကာစားနပ်ရိက္ခာများပြတ်တောက်နေသည့်အတွက် ရခိုင်ပြည်သူလူထုရင်ဆိုင်နေ၇သည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခကယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။