- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၂
စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီး ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှ အကြောင်းမဲ့ ဖမ်းဆီးသွားသည့် အဝေးသင် တက္ကသိုလ်ကျောင်းသား ၅ ဦး ပြန်လွတ်မြောက်လာပြီ ဖြစ်ကြောင်းသိရသည်။
ပြန်လွတ်မြောက်လာသည့် တက္ကသိုလ်ကျောင်းများမှာ ပုဏ္ဏားကျွန်းမြို့နယ် မြက်သောက်ကျေးရွာမှ မောင်ဘိုအောင်ခင် (၂၃ နှစ်)၊ မောင်အောင်လင်းစိုး (၂၀ နှစ်)၊ မောင်စိုးမင်း (၂၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းကျေးရွာမှ မောင်အောင်ငြိမ်း (၂၁ နှစ်)နှင့် မောင်ဇော်လှိုင်ဦး (၂၀ နှစ်)တို့ဖြစ်သည်။
၎င်းတို့ ၅ ဦးစလုံးကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်က ညနေပိုင်းက ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏မိသားစုဝင်တစ်ဦးကပြောသည်။
"သူတို့ကို ဘယ်ကနေပြန်လွတ်လဲဆိုတာမသိရပါဘူး။ မျက်နှာတွေကိုချုပ်ပြီးတော့ ဘုန်းကြီးကျောင်းမှာချခဲ့တယ်လို့ပြောပါတယ်။ ကျန်းကျန်းမာမာရှိကြပါတယ်။ သူတို့ဖုန်းတွေကို ဒီနေ့ညနေ ရဲစခန်းကနေလာယူခိုင်းထားပါတယ်" ဟုပြောသည်။
သူတို့ ၅ ကို နောက်ထပ် ဒေသခံ ၄ ဦးနှင့် အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် ညဉ့် ၁၂ နာရီခန့်တွင် ဘုန်းကြီးကျောင်းများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းဒေသခံ ၄ ဦးကို စစ်ကောင်စီက နိုဝင်ဘာလ ၂၁ ရက်က ပြန်လွတ်ပေးခဲ့ပြီး သူတို့ ၅ ဦးကို ယမန်နေ့က လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသားများအနက် မြသောက်နှင့် ပဲစိနန်းကျေးရွာတို့မှလူငယ် ၅ ဦးသည် တက္ကသိုလ်စာမေးပွဲ ဖြေပြီး၍ ကွန်ပျူတာသင်တန်းနှင့် ဂျပန်၊ အင်္ဂလိပ်နှင့် ကိုရီးယားစကားပြောသင်တန်း တက်ရောက်နေသူများဖြစ်ကြောင်းသိရသည်။
(NN-8)