အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ဓာတ်အားလိုင်းကေဘယ်ကြိုးများအခိုးခံရပါက ရပ်ကွက်နေပြည်သူများမှ စုပေါင်းကျခံရမည်ဟုစာထုတ်မှု ဝေဖန်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၂

 ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ကေဘယ်ကြေးကြိုးများ၊ ထရန်စဖော်မာ (Earth) ကြေးကြိုးများ၊ ထရန်စဖော်မာခြံစည်းရိုးများ ခိုးယူခံရပါက ၎င်းလိုင်းကြိုးများ အစားထိုးတပ်ဆင်သွယ်တန်းနိုင်ရေး ကုန်ကျစရိတ်ကို ရပ်ကွက်မှ စုပေါင်းကျခံရမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ စာထုတ်မှုအပေါ်  ဝေဖန်မှုများ ထွက်ပေါ်လျှက်ရှိသည်ဟု သတင်းရရှိသည်။

 မီးကို ပုံမှန်မပေးသည့်အပြင် ကေဘယ်ကြေးကြိုးများ အခိုးခံရပါကလည်း ပြည်သူများက လျှော်ကြေးပေးရမည်ဆိုသည်မှာ အစိုးရတာဝန်ရှိသူများအနေဖြင့် တာဝန်ခံမှု တာဝန်ယူမှုမရှိသည်ကို ပြသရာရောက်သည့်အပြင် နေရာတိုင်းတွင် ပြည်သူကို အနိုင်ကျင့်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ဝေဖန်ပြောဆိုသည်။

 တစ်ခြားဒေသခံတစ်ဦးကလည်း မီးကြိုးအခိုးခံရ၍ တစ်ညဉ့်နှင့် တစ်ရက်မီးပြတ်နေပြီး ပိုက်ဆံ (၅) သိန်းပေးလိုက်ပြီးမှ ချက်ချင်းမီးလာသည်မှာ မဖြစ်သင့်ကြောင်း ထောက်ပြပြောဆိုသည်။

"အခုလို့ သူတို့ပစ္စည်းတွေအခိုးခံရလို့ ပြည်သူတွေဆီက ပိုက်ဆံကောက်ပြီးလို့ရမှ မီးပြန်ပေးတယ် ဆိုတာ မဖြစ်သင့်ဘူး။ သူတို့တာဝန်ရှိတာကို သူတို့ကမလုပ်ဘဲနဲ့ ပြည်သူတွေက အဲဒီမီးကြိုးတွေကိုပါ သူခိုးစောင့်ပေးရအုံးမှာလားနော်။ မနေ့ကနေ ဒီနေ့ နေ့လယ်အထိ ကျနော်တို့ရပ်ကွက်ကို မီးဖြတ်ထားတယ်။ မီးကြိုးအခိုးခံရလို့ဆိုပြီးတော့ ဒါကြောင့်မီးပြန်ရဖို့ဆိုရင် ရပ်ကွက်ကသူတွေက ပေါင်းပြီးငါးသိန်းပေးရမယ်ပြောတယ်။ တကယ်ဆိုပြည်သူတွေဖက်ကို သူတို့စာနာပြီး ပြန်ကြည့်သင့်ပါတယ်။ ပိုက်ဆံပေးလိုက်မှ မီးကချက်ချင်းကြီး ပြန်ရလာတယ်ဆိုတာကတော့ သူတို့မီးပြန်ပေးချင်ရင် ချက်ချင်းပေးလို့ရတဲ့ ပုံစံမျိုးပေါ့။ ဒါတွေကတော့ လုံးဝကိုမဖြစ်သင့်တာပါ" ဟုပြောသည်။

တစ်ခြားအမည်မဖော်လိုသူ စစ်တွေဒေသခံ လူမှုရေး သမားတစ်ဦးကလည်း ရပ်ရွာ ဥပဒေစိုးမိုးရေးမှာ ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်၍ သူခိုးများကေဘယ်ကြိုးများခိုးယူပါက ရဲတပ်ဖွဲ့တွင် တာဝန်ရှိပြီး မီးကြိုးအစားထိုးတပ်ဆင်ရန် ကုန်ကျစရိတ်ကျခံရန် ရဲတပ်ဖွဲ့ကိုသာ ကျခံရန် ညွှန်ကြားသင့်သည်ဟု ပြောသည်။

  စစ်တွေမှာ ရဲတွေနေ့ည ကင်းလှည့်နေတယ်။ တစ်ခါမှ ဒီမီးကြိုးတွေကို ခိုးတဲ့သူခိုးတွေကို ဖမ်းမိတာ မရှိဘူး။ သူခိုးလက်ခံတွေကိုလည်း ဖမ်းဆီးတာမရှိဘူး။ ဥပဒေစိုးမိုးရေးနဲ့ ရာဇဝတ်မှုတွေကို နှိမ်နှင်းရေးအတွက် ရဲတပ်ဖွဲ့မှာ အဓိက တာဝန်ရှိတယ်။ ပြည်သူတွေကိုသာ သူခိုးခိုးတာလည်း လျှော်ရမယ်ဘာညာ ဆိုပြီး ညွှန်ကြားတာရှိတယ်။ အမှန်က တာဝန်ယူ မစောင့်ရှောက်ပေးနိုင်တဲ့ အတွက် ရဲတပ်ဖွဲ့ကိုသာ ပျောက်ဆုံးသွားတဲ့မီးကြိုးတွေအတွက် ကျခံဖို့ ညွှန်ကြားသင့်တယ်ဟု ၎င်းက ပြောသည်။

အဆိုပါညွှန်ကြားချက်ကို စစ်တွေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ သန်းမြတ်ဦးမှ ဝန်ကြီးရုံးညွှန်ကြားချက်အရဟုဆိုကာ နိုဝင်ဘာလ ၂၆ ရက် နေ့စွဲနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ အသိပေးစာတွင် ရေးသားထားသည်။

စစ်တွေမြို့နယ်အတွင်းရှိ ဓာတ်အားလိုင်းများ၊ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ၁၁/ဝ.၄ ကေဗီခွဲရုံများရှိ ကေဘယ်ကြေးကြိုးများ၊ ထရန်စဖော်မာကြေးကြိုးများ၊ ထရန်စဖော်မာ ခြံစည်းရိုးများ မကြာခဏ ခိုးယူဖျက်ဆီးမှုများဖြစ်ပေါ်လျက်ရှိသည်ဟု အဆိုပါစာတွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ "နောင်တွင် ပြစ်မှုကျူးလွန်သည့်တရားခံများဖမ်းမိမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန်၊ ဓာတ်အားလိုင်းကြိုးများအား သက်ဆိုင်ရာရပ်ကွက်သို့ အပ်နှံထိမ်းသိမ်းစေပြီး ယခုကဲ့သို့ ဓာတ်အားလိုင်းကြိုးများအခိုးခံရပါက ၎င်းလိုင်းကြိုးများ အစားထိုးတပ်ဆင်သွယ်တန်းနိုင်ရေး ကုန်ကျစရိတ်ကို ရပ်ကွက်မှ စုပေါင်းကျခံရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ရန်" ဟုလည်း ရေးသားထားသည်။

စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့် လိုင်းကြိုးများအခိုးခံရ၍ဆိုကာ ရပ်ကွက်အလိုက် မီးဖြတ်ခံရမှုများကို နာရီပေါင်းများစွာ ခံနေကြရကြောင်း ဒေသခံများကပြောသည်။

 ထို့အပြင် လျှပ်စစ်မီးဖြတ်တောက်သည့်အချိန်သည် ၎င်းတို့ထုတ်ပြန်ထားသည့် အချိန်ဇယားအတိုင်း ဖြတ်တောက်ခြင်းမျိုးမဟုတ်ဘဲ အချိန်အခါမရှိဖြတ်တောက်နေခြင်းတို့ကြောင်း ပြည်သူများ အခက်တွေ့နေရကြောင်း သိရသည်။(NN-8)

ဆက်စပ် သတင်းများ