နိရဥ္စရာ၊နိုဝင်ဘာ ၂၉/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကသူနာပြုသင်တန်းကျောင်းများဖွင့်လှစ်သွားရန်အစီအစဉ်ရှိသည့်အတွက် ပြည်သူ့ကျန်းမာရေးဝန်ထမ်း၊သူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ကြရန် ပြည်သူများကို ULA/AA က ဖိတ်ခေါ်လိုက်သည်။
ယမန်နေ့ နိုဝင်ဘာလ၂၈ ရက်တွင်ပြုလုပ်သည့် ULA/AA ၏ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်၇သူ ဦးခိုင်သုခက ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ပြည်သူ့ကျန်းမာရေးကဏ္ဍမှာလည်း သူနာပြုသင်တန်းကျောင်းတွေကိုဖွင့်လှစ်သွားဖို့ရှိတဲ့အတွက် ပြည်သူ့ကျန်းမာရေးဝန်ထမ်း၊ သူနာပြုအဖြစ်တာဝန်ထမ်းဆောင်ကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
သို့ရာတွင်အဆိုပါသူနာပြုသင်တန်းကျောင်းများကို ရခိုင်ပြည်နယ်အတွင်းမည်သည့်နေရာများနှင့် မည်သည့်အချိန်တို့တွင် ဖွင့်လှစ်သွားမည်ဆိုသည်ကိုအသေးစိတ်ပြောဆိုသွားခြင်းမရှိခဲ့ပါ။
၇ခိုင်ပြည်နယ်အတွင်းULA/AA ကအပြည့်အ၀ထိန်းချုပ်ထားနိုင်သည့်နေရာများတွင် ကျန်းမာရေး၊ပညာရေးအပြင် အခြားသောကဏ္ဍများကိုလည်း သူတို့အဖွဲ့အစည်းရှိ လူ့အရင်းအမြစ်များဖြင့်တဆင့်ချင်း တိုးတက်လာအောင် တည်ဆောက်လုပ်ဆောင်နေသည်ဟု ဆက်ပြောသည်။
ယင်းကြောင့်အာရက္ခတိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားရေး ခံယူချက်ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည်၊ အရည်အချင်းနှင့် အနစ်နာခံလိုစိတ်ရှိသည့် လူသားစွမ်းအားများစွာလိုအပ်နေသည့်အတွက် လူငယ်၊ လူရွယ်များအနေဖြင့်လည်း မိမိတို့တတ်မြောက်ထားသည့်ပညာဖြင့်လိုအပ်သည့်နေရာများတွင် တာဝန်ထမ်းဆောင်ကြဖို့ကိုလည်း ဦးခိုင်သုခကထပ်မံတိုက်တွန်းပြောကြားသွားသည်။
ဓာတ်ပုံ - AA တပ်ဖွဲ့ဝင်အချို့ကရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်