အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် စစ်ကောင်စီတပ်ကဖမ်းဆီးထားသူများလွတ်မြောက်ရေး အတတ်နိုင်ဆုံးကြိုးပမ်းနေဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရဥ္စရာ၊ နိုဝင်ဘာလ ၂၉/၂ဝ၂၂

 ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် စစ်ကောင်စီတပ်ကဖမ်းဆီးထားသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ULA/AA က အတတ်နိုင်ဆုံးကြိုးပမ်းနေသည်ဟု ULA/AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုလိုက်သည်။

 “အခုဖမ်းဆီးခံရတဲ့သူတွေ၊ ကျနော်တို့ အပြစ်မဲ့ပြည်သူတွေ မတရားဖမ်းဆီးထိန်းသိမ်း ခံနေရတာတွေကနေပြီးတော့ လွတ်မြောက်ဖို့အတွက် ကျနော်တို့ ULA/AA အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတာတွေရှိပါတယ်ဟု ပြောသည်။

 ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် AA နှင့်ဆက်စပ်သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ လက်ရှိ အချိန်ထိ ၂၃၉ ဦး ကျန်ရှိနေသည်ဟု သိရသည်။

 ဖမ်းဆီးခံခဲ့ရသူများတွင် အစိုးရဝန်ထမ်းများဖြစ်သည့် ပညာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်း များလည်း ပါဝင်သလို စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံလက်လုပ်လက်စားပြည်သူများလည်း ပါဝင်သည်။

 သူတို့လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ AA ၏ကြိုးပမ်းနေမှုအပေါ် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်တော်မြို့မှ ဦးဇော်ဝင်း၏အမျိုးသမီး ဒေါ်ခင်လှကြည်က ဝမ်းပန်းတသာ ကြိုဆိုပြီး များစွာပျော်ရွှင်မိသည်ဟု နိရဥ္စရာကိုပြောသည်။

 “အဲလိုသတင်းစကားကြားရတော့ ပျော်ပါတယ်။ ကျမယောက်ျားကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။ အဲလိုသာ ရုပ်သိမ်းပေးမယ်၊ ဖြေလျှော့ပေးမယ်ဆိုရင် အတိုင်းအဆမရှိ ပျော်မှာပါဟု ပြောသည်။

 ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း (၄၃)နှစ်ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

 လက်ရှိတွင် သူ့ကို ကျောက်တော်အခြေစိုက် ခမရ (၃၇၅)မှ ဗိုလ်ကြီးကိုကိုအောင်က တရားလိုလုပ်ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅ (က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားလိုဘက်က သက်သေ ၂ ဦးနှင့် အမှုစစ်အရာရှိ ၁ ဦးတို့ကို ဆက်လက်စစ်ဆေးရန် ကျန်နေသေးသည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်လှစံက ပြောသည်။

 တရားလိုဘက်က ရုံးချိန်း ၇ ကြိမ်တိုင်တိုင်ပျက်ကွက်နေ၍ လာမည့် ဒီဇင်ဘာလ ၅ ရက်ကို ထပ်မံရုံးချိန်းခေါ်ယူထားသည်ဟုလည်း ဆိုသည်။

 ရခိုင်တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလ ၂ လအတွင်း ယနေ့အထိ ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ ရခိုင်ပြည်သူပေါင်း ၃၂၄ ဦးရှိခဲ့ပြီး ယင်းအနက် ၈၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်သည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။

 လက်ရှိတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ကြားဝင်ညှိနှိုင်းမှုကြောင့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်တပ်တို့သည် နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နားလည်မှုဖြင့် အပစ်ရပ်စဲထားကြပြီဖြစ်သည်။

 လက်ရှိအပစ်အခတ်ရပ်စဲထားသည့်အနေအထားအရဆိုလျှင် AA သံသယဖြင့်ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေမှုမှာ အလားအလာကောင်းသည်ဟုလည်း ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။

ဆက်စပ် သတင်းများ