စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

AFP ပါတီမှ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည့် ဦးကျော်ဇောဦးနှင့်ဦးကျော်လွင်တို့ကိုပြန်လွှတ်ပေးရန် ပါတီဥက္ကဌ ဒေါက်တာအေးမောင်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂၂

ရက္ခိုင့်တပ်တော်(AA )မှ ဖမ်းဆီးထားသည့် ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့ကို ပြန်လွှတ်ပေးရန် ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က တောင်းဆိုလိုက်သည်။

"ဦးကျော်လွင်တို့၊ ဦးကျော်ဇောဦးတို့ ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုမရှိပါ။ ကျနော်တို့ သုံးသပ်ချက်အရ မရှိပါဘူး။ လူထုသုံးသပ်ချက်အရလည်းမရှိဘူးလို့ ကျောက်ဖြူဒေသခံတွေရဲ့ ပြောစကားအရ ခန့်မှန်းလို့ရပါတယ်။ ငါနဲ့မတူငါ့ရန်သူလား။  ခုဏကပြောသလို ဆင်ခြင်တုံတရားသာရှိရင် ရခိုင်လူမျိုးထဲကရခိုင်အချင်းချင်း ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကို ပြောမိဆိုမိရင်ပဲ ထိခနဲဆိုဖမ်းတဲ့ခေတ်တစ်ခုကိုရောက်လာမှာကို အလွန်ကြောက်ပါတယ်။ကျနော်တို့ကြောက်သလို လူထုလည်းကြောက်မယ်လို့ထင်ပါတယ်။ ဦးကျော်လွင်ရော၊ဦးကျော်ဇောဦးရောကို လွှတ်ပေးဖို့ ကျနော်ဘက်က မေတ္တာရပ်ခံပါတယ်"ဟု ပြောသည်။ 

ရခိုင်ဒေသနှင့် ရခိုင်လူမျိုး၏ အမျိုးသားတန်းတူရေးအတွက် လုပ်ဆောင်နေကြသူများဖြစ်ကြောင်း၊  ရခိုင်လူမျိုးအချင်းချင်း ပြစ်မှုကျူးလွန်ခြင်းလည်း တစ်စုံတစ်ရာမရှိသည့်အတွက် ဆင်ခြင်တုံတရားနှင့် အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း (AFP)ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဆက်လက် ပြောဆိုသည်။ရခိုင်ဒေသနှင့် ရခိုင်လူမျိုး၏ အမျိုးသားတန်းတူရေးအတွက် လုပ်ဆောင်နေကြသူများဖြစ်၍  နိုင်ငံရေးပါတီ ကဏ္ဍကိုလည်း ULA/AA အနေနှင့် အသိအမှတ်ပြုရန်လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

"ကျနော်တို့က ပါတီနိုင်ငံရေးကပြောတယ်။ သူတို့က လက်နက်ကိုင်တော်လှန်ရေးက ပြောတယ်။ ကျနော်တို့က ရန်ဖက်မဟုတ်ဘူး။ မိတ်ဖက်ပါပဲ။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ ချစ်စကို ရှည်ဖို့လိုတယ်။ မုန်းစကိုတိုဖို့လိုတယ်။ ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းရှိဖို့လိုသလို နိုင်ငံရေးပါတီ ကဏ္ဍဟာလည်း ရှိဖို့လိုအပ်ပါသေးတယ်။ ဒါကို ULA/AA ဘက်ကလည်း အသိအမှတ်ပြုဖို့လိုပါတယ်"ဟု ပြောသည်။

 ရခိုင့်ဦးဆောင်ပါတီ (AFP) ပြောခွင့်ရသူလည်းဖြစ်၊ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးကျော်ဇောဦးကို အေအေက  ဖမ်းဆီးထားကြောင်း ကျန်းကျန်းမာမာရှိနေကြောင်း နိုဝင်ဘာ ၂၈ ရက်က ရက္ခိုင့်တပ်တော်(AA)၏ (၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်  ဦးခိုင်သုခက ပြောဆိုပြီးနောက် ဒေါက်တာအေးမောင်က သူတို့ပါတီဝင် နှစ်ဦးကို လွတ်ပေးရန်တောင်းဆိုလာခြင်းဖြစ်သည်။

ဦးကျော်ဇောဦးအား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဦးခိုင်သုခက  "စစ်မက်ဖြစ်ပွားနေတဲ့ အရေးပေါ် အခက်အခဲကာလတွေမှာ ပြည်သူတွေကို စိတ်ဝမ်းကွဲဝေဝါးစေတဲ့ လှုံ့ဆော်မှုတွေကို ကျနော်တို့ဘက်က ခွင့်ပြုလို့တော့မရဘူး။ ဒါကြောင့် လိုအပ်ရင်လိုအပ်သလို တိုင်းပြည်အရေးအတွက် မပေါ့ဆပဲ ကျနော်တို့လုပ်ဆောင်ရတဲ့ကိစ္စတွေရှိတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်"ဟု ဦးခိုင်သုခက ပြောသည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇောဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ရက်နေ့တွင် စစ်တွေမြိုရှိ လဘက်ရည်ဆိုင်တစ်ခုမှ အထွက်တွင် အေအေက မ်းဆီးခဲ့ခြင်းဖြစ်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)၏ အကြံပေးပုဂ္ဂိုလ် ဦးကျော်လွင်နှင့်အောက်တိုဘာ (၄) ရက်နေ့ကတည်းက ပျောက်ဆုံးနေသည်။

ဦးခိုင်သုခက " ဦးကျော်လွင်ကိစ္စ အဲဒီကိစ္စကတော့ ကျွန်တော့်ဆီကို တစ်စုံတစ်ခု ရောက်လာတာ မရှိပါ" ဟု ပြောဆိုခဲ့သည်။ 

AFP  ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကမူ ဦးကျော်လွင်အား မြေပုံ၊ ကမ်းထောင်းကြီးနှင့် အနီးဝန်းကျင် အေအေနယ်မြေတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို သိရှိရကြောင်း နိရဥ္စရာကို ပြောသည်။ 

ဦးကျော်လွင်၏ညီဖြစ်သူ ဦးကျော်နိုင်က အေအေက ဦးကျော်လွင်ကိစ္စမသိရှိရသေးဟု ပြောဆိုသဖြင့် မိသားစုများ စိတ်ပူပင်နေရကြောင်း ပြောဆိုသည်။

"ဘယ်အဖွဲ့အစည်းကဖမ်းတယ်ဆိုတာတော့ တကယ်တမ်းပြောရရင် သိတယ်ပေါ့လေ။ မိတ်ဆွေ တစ်ယောက်ကတော့ ဖုန်းလှမ်းဆက်တယ်။ ဦးကျော်လွင် ကိစ္စ သူတို့ဆီ သတင်း မရောက်သေးဘူးလို့ ဦးခိုင်သုခပြောတယ်ဆိုပြီးတော့လေ။ ကျနော်တို့ကတော့ စိတ်ပူပါတယ်။ တကယ်လို့ ဖမ်းဆီးတယ်ဆိုလည်း ဖမ်းဆီးတယ်ပေါ့။ ဘယ်အဖွဲ့ကဖမ်းဖမ်း ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ သိက္ခာရှိရှိ အဖွဲ့အစည်းတစ်ခုအနေနဲ့ကတော့ ထုတ်ပြန်ဖို့ ကောင်းတာပေါ့လေ။ အခုကတော့ အဖွဲ့အစည်းတခုခုကနေ မိသားစုက အကြောင်းကြားတယ် ဆိုတာမျိုး မရှိသေးပါဘူး" ဟု ပြောသည်။   (NN-7)

 

ဆက်စပ် သတင်းများ