စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများဆက်လက်ပိတ်ထား၍ ပုဏ္ဏားကျွန်းတွင် အစိုးရဝန်ထမ်းများ လစာမရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ နိုဝင်ဘာ ၃၀/၂၀၂၂

စစ်ကောင်စီက ရေကြောင်း၊ ကုန်းလမ်းများကို အကြောင်းမဲ့ ဆက်လက် ပိတ်ထားသဖြင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် အစိုးရဝန်ထမ်းများ လစာမရဖြစ်နေကြသည်ဟု သိရသည်။
ပုဏ္ဏားကျွန်း-စစ်တွေ ကုန်းလမ်း၊ ရေလမ်းကို ယနေ့နိုဝင်ဘာလ ၃၀ ရက်အထိ စစ်ကောင်စီက ပိတ်ထားသည့် အတွက် ပုဏ္ဏားကျွန်းမြို့ရှိ ဘဏ်များတွင် ငွေပြတ်လပ်ကာ မြို့နယ်တွင်းရှိ အစိုးရဝန်ထမ်းတိုင်း လစာထုတ်၍မရသေးဟု ကာယကံရှင် အစိုးရဝန်ထမ်းတစ်ဦးက နိရဥ္စရာကိုပြောသည်။
"လောလောဆယ်ကတော့ ဘဏ်မှာ ပိုက်ဆံမရှိဘူးလို့ပြောပါတယ်။ ဒါကြောင့် လစာမရသေးဘူးဖြစ်နေပါတယ်။ ဘဏ်က ဝန်ထမ်းတွေလည်း မရသေးဘူး။ အစိုးရဝန်ထမ်းတိုင်းမရသေးဘူး"ဟု ပြောသည်။
ယခုကဲ့သို့ ဘဏ်များတွင် ပိုက်ဆံပြတ်နေခြင်းမှာ ပုဏ္ဏားကျွန်း-စစ်တွေလမ်းကို စစ်ကောင်စီတပ်ကပိတ်ထားသည့်အတွက် စစ်တွေမှတဆင့် ပုဏ္ဏားကျွန်းသို့ လစာငွေများကို ကားဖြင့်သယ်ယူပို့ဆောင်နိုင်ခြင်းမရှိ၍ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ အစိုးရဝန်ထမ်းများက ပြောကြသည်။
နောက်ထပ်အစိုးရဝန်ထမ်းတစ်ဦးက "အဓိကတော့ လမ်းပိတ်ထားလို့ဖြစ်မှာပေါ့နော်။ ဘာလို့ဆို အရင်ကဆို စစ်တွေက ကားနဲ့ ဒီကိုလာလို့ရတယ်လေ။ အခုတော့ လမ်းခရီးမှာ ပိတ်ထားတဲ့ ကားတွေ အသွားအလာမရလို့ သူတို့ ငွေမသယ်ရ အဲလိုလည်း ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။
ယခုကဲ့သို့ လစာငွေများမရသေး၍ လစာကိုမီခိုပြီး ရပ်တည်နေကြသည့် ဝန်ထမ်း မိသားစုစားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြသည်ဟုလည်း ဆိုကြသည်။
စစ်ကောင်စီသည် စစ်တပ် လစာငွေများကို စစ်ရဟတ်ယာဥ်များဖြင့် အချိန်မီ ပို့ဆောင်ပေးနေသော်လည်း အရပ်သားဝန်ထမ်းများ၏ လစာကို အချိန်မီ ရရှိရန် စီစဉ်ဆောင်ရွက်ပေးမှုမရှိခြင်းအပေါ် စိတ်ပျက်စရာကောင်းသည်ဟု ၎င်းက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနှင့် ဆင်အင်းကြီးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာဘာလ ၁၀ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုများနှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးမှုများဖြစ်ပေါ်ခဲ့၍ ပုဏ္ဏားကျွန်း-စစ်တွေ ကုန်းလမ်း၊ ရေလမ်းကို စစ်ကောင်စီတပ်က ယင်းနေ့မှစတင်ကာ ယနေ့အထိ ပိတ်ထားခြင်းဖြစ်သည်။
နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ စစ်တပ်နှင့် AA တို့ အပစ်အခတ်ရပ်စဲထားပြီဖြစ်သော်လည်း စစ်တွေနှင့် နယ်မြို့များကို ဆက်သွယ်ထားသည့် ကားလမ်းများကို ဆက်လက် ပိတ်ထားသည့် အပြင် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းကို ယနေ့အထိ ပြန်ဖွင့်ပေးခြင်းမရှိ၍ ဒေသခံများနှင့် ခရီးသွားပြည်သူများ အထူးအခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ