တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် ပိတ်မိနေသော ကားသမားများအား ပုဏ္ဏားကျွန်းမြို့ ပရဟိတအသင်း(၄)ဖွဲ့က စားနပ်ရိက္ခာများကူညီထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ၊ နိုဝင်ဘာ ၃၀/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရန်ကုန် - စစ်တွေ ကားလမ်းမ ပေါ်တွင် ပိတ်မိနေသော ကုန်ကားမောင်းသူများနှင့် ယာဥ်အကူများအား ပုဏ္ဏားကျွန်းမြို့ပေါ် ပရဟိတအသင်း(၄)ဖွဲ့က စားနပ်ရိက္ခာများ ကူညီ ထောက်ပံ့လှူဒါန်ခဲ့သည်ဟု သိရသည်။
ယမန်နေ့နိုဝင်ဘာလ ၂၉ရက်၊ နေ့လယ် ၁၂နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့ပေါ် ပရဟိတအသင်း (၄)ဖွဲ့ ဖြစ်သည့် PYA၊ PDYO၊ MYG၊ PSYK စသည့်အသင်း (၄)ဖွဲ့က ပြည်တွင်း ပြည်ပ အလှူရှင်များမှ လှူဒါန်းသော အလှူငွေများဖြင့် ဆန်၊ ဆီ၊ ဆား၊ ဟင်းချိုမှုန့်၊ ပဲ၊ ငရုပ်သီးစိမ်း၊ ကြာဆံ၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ကြက်ဥ စသည့် ပစ္စည်းများကို ထောက်ပံ့ကူညီခဲ့သည်ဟု သိရသည်။
စုစုပေါင်း ကုန်ကားမောင်းသူများနှင့် ယာဥ်အကူ လူဦးရေ (၆၀)ကို ကူညီ ထောက်ပံ့လှူဒါန်း ပေးခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအ ရုံး(PYA)အသင်းဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။
"တိုက်ပွဲစဖြစ်တဲ့နေ့ကနေ လမ်းပိတ်ထားတဲ့အတွက် ပိတ်မိနေတဲ့ သူတွေကိုမှ ကူညီ ထောက်ပံ့ပေးတာပါ။ အလှူရှင်တွေလှူထားတဲ့ အလှူငွေတွေထဲက ထောက်ပံ့ပေးလိုက်တာ။ သူတို့လည်း တကယ့်အခက်အခဲဖြစ်နေလို့။ လမ်းပိတ်ထားတာလည်းကြာပြီဆိုတော့ သူတို့မှာပါလာတဲ့ ပိုက်ဆံတွေနဲ့ စားသောက်ရင်းကုန်ပြီ။ မပါလာတဲ့သူတွေကလည်း ချေးငှားစားသောက်ကြနဲ့ အခက်အခဲ ဖြစ်နေလို့ ကူညီထောက်ပံ့ပေးရင် မကောင်းလားဆိုပြီး တိုင်ပင်ပြီးတော့ ကူညီထောက်ပံ့ ပေးလိုက်တာပါ" ဟု ပြောသည်။
လက်ရှိတွင် ကားလမ်းပိတ်ထား၍ ပိတ်မိနေသည့်ကုန်ကားမောင်းသူများ၊ ယာဥ်အကူများနှင့် ခရီးသည်တင် ကားအချို့တို့မှ ခရီးသည်များမှာ နေစရာနေရာမရှိ၍ ကားအောက်၊ ကားပေါ်တွင် ဖြစ်သလိုနေထိုင်နေရကာ အခက်အခဲဖြစ်လျှက်ရှိသည်ဟုသိရသည်။
"ပိတ်မိနေတဲ့ ကုန်ကားမောင်းသမားတွေနဲ့ ခရီးသည်တင်ကားထဲက ခရီးသည်တွေက စားရေးသောက်ရေးတကယ့်အခက်အခဲဖြစ်နေတာပါ။ ကျွန်တော်တို့မှာက စစ်ဘေးရှောင်တွေလို သတ်မှတ်ထားတဲ့ နေစရာနေရာ မရှိဘူး။ လမ်းတွေကိုဒီလောက်အကြာကြီးပိတ်ထားတော့ ကားအောက်တွေမှာ ဖြစ်သလိုနေနေရတယ်။ ပါလာတဲ့ပိုက်ဆံတွေကလည်း စားလိုက်၊ သောက်လိုက်နဲ့ အခုချိန်ဆိုကုန်ပြီလေ" ဟု ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ပိတ်မိနေသည့် ကုန်ကားမောင်းသူ တစ်ဦးပြောသည်။
ပုဏ္ဏားကျွန်းတွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရပြီးနောက် ရန်ကုန် - စစ်တွေကားလမ်းမကို စစ်တပ်ကပိတ်ပင်လိုက်၍ ကုန်ကားများနှင့် ခရီးသည်တင်ကားများမှာ ရက်ပေါင်း ၂၀ကြာသည့်တိုင် (ယနေ့အချိန်ထိ)ပိတ်မိနေဆဲဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့က အပစ်အခတ် ရပ်စဲလိုက်သော်လည်း ရန်ကုန် - စစ်တွေ ကားလမ်းမကို စစ်ကောင်စီတပ်မှ ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိ၍ ကုန်ကားများနှင့်ခရီးသည်တင်ကားများမှာ ပိတ်မိနေကြဆဲဖြစ်သည်ဟု ကုန်ကားမောင်းသူများမှ တစ်ဆင့်သိရသည်။(NN-12)
ဓာတ်ပုံ - ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး

ဆက်စပ် သတင်းများ