Preview

NLD အစိုးရလက်ထက်က ရပ်တန့်ခဲ့သည့် တောင်ကုတ် နေပူတောင်မှ မာဘယ်အလှဆင်ကျောက်ထုတ်လုပ်မှုစီမံကိန်းကို စစ်ကောင်စီက ပြန်လည် ထုတ်လုပ်ရန်ပြင်ဆင်နေ

ဒီဇင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :2326
ရခိုင် သတင်း

နိရဥ္စရာ၊ဒီဇင်ဘာ /၂၀၂၂

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်ကရပ်တန့်ထားခဲ့သည့်၇ခိုင်ပြည်နယ်၊  တောင်ကုတ်မြို့နယ်ရှိရခိုင်ရိုးမပေါ်တွင်တည်ရှိသော နေပူတောင်မှ မာဘယ်အလှဆင် ကျောက်ထုတ်လုပ်မှုစီမံကိန်းကိုစစ်ကောင်စီက ပြန်လည် ထုတ်လုပ်ရန်ပြင်ဆင်နေသည်ဟု သိ၇သည်။

 

ယင်းသို့ပြန်လည်ထုတ်လုပ်နိုင်ရန်ဗီယက်နမ်နိုင်ငံမှ SIMCO ကုမ္ပဏီနှင့်စစ်ကောင်စီတို့ ကျောက်ထုတ်လုပ်မှုအပေါ် ခွဲဝေစနစ်ဖြင့်စာချုပ်ချုပ်ဆိုဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း စစ်ကောင်စီလက်အောက်ခံသယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦးနှင့်ဗီယက်နမ်ကုမ္ပဏီဘက်မှ ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီကိုလည်းဖွဲ့စည်းလိုက်ပြီဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီ၏ပြည်ထောင်စုဝန်ကြီးရုံးက ထုတ်ပြန်ခဲ့သည်။

 

အဆိုပါနေပူတောင်မှအလှဆင်မာဘယ်ကျောက်ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ်မှစတင်ကာ ဦးသိန်းစိန်အစိုး၇ကဗီယက်နမ်ကုမ္ပဏီတစ်ခုဖြစ်သော SIMCO ကိုနှစ်ပေါင်း ၂၀ ကြာ ထုတ်လုပ် ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်သည်။

 

နေပူတောင်စီမံကိန်းသည်ဒေသခံပြည်သူများအတွက် အကျိုးခံစားရခွင့်ရှိသည့်စီမံကိန်းမဟုတ်၍ ၂၀၁၃ခုနှစ်မှစတင်ကာ ၂၀၁၅ ခုနှစ်အထိ သဘာ၀ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ ထောင်နှင့်ချီကာ ၃ နှစ်ကြာကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။

 

ယင်းနောက်၂၀၁၈ ခုနှစ်အရောက်တွင် နေပူတောင်မှထုတ်လုပ်သည့်အလှဆင်ကျောက်များမှာ အရည်အသွေးညံ့ဖျင်းပြီးရောင်းတန်းမဝင်၍ ထုတ်လုပ်သည့်ကုမ္ပဏီ၌ တွက်ခြေမကိုက် ဖြစ်လာသည်ဟုဆိုကာ ကုမ္ပဏီဘက်က NLDအစိုးရထံ စီမံကိန်းရပ်ဆိုင်းခွင့်တောင်းခံပြီးတရားဝင် ရပ်ဆိုင်းခဲ့သည်။

 

ယခုကဲ့သို့ရပ်တန့်ထားခဲ့သည့်ကျောက်ထုတ်လုပ်မှုစီမံကိန်းကို ယခုတဖန် အာဏာရှင်စစ်အစိုးရကပြန်လည်လုပ်ကိုင်ရန်ပြင်ဆင်နေခြင်းမှာ ဒေသအကျိုးထက် စစ်ကောင်စီအကျိုးကိုရှေးရှူ၍ပြည်သူကိုဂရုမစိုက်ဘဲ လုပ်ချင်သလိုလုပ်မည်ဆိုသည့်သဘောဖြစ်နေသည်ဟု နေပူတောင် စီမံကိန်းပိတ်သိမ်းရေးကန့်ကွက်နေသည့်တောင်ကုတ်ဒေသခံတစ်ဦးက ဝေဖန်ပြောကြားသည်။

 

အာဏာရှင်တို့ရဲ့လုပ်ရပ်ကတော့အဓိကတော့ ပြည်သူကို ဂရုမစိုက်လို့ သူတို့လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ သဘောပဲလို့ ကျနော်အဲလိုသုံးသပ်တယ်။ ဒီစီမံကိန်းကို ပြန်လုပ်လိုက်လို့ ဒေသခံ ပြည်သူတွေအတွက် အကျိုးခံစားခွင့်၊ဒေသဖွံ့ဖြိုးရေးကိစ္စမှာတော့ ကျနော်ကတော့ ရှိလိမ့်မယ်လို့တစ်ခုမှမမြင်ဘူးဟုပြောသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍ မ၇ခဲ့ပါ။

 

နေပူတောင်မှထွက်ရှိသည့်အလှဆင်မာဘယ်ကျောက်အမျိုးစားသည် မြန်မာနိုင်ငံတွင်ရှားပါး ကျောက်အမျိုးအစားဖြစ်ပြီး တစ်နှစ်လျှင် မတ်ထရစ်တန်ချိန် ၇၈၅၀တန်အထိထုတ်ယူနိုင်သည်ဟု သိ၇သည်။

 

အဆိုပါနေပူတောင်မှ အလှဆင်ကျောက်များကိုဗီယက်နမ်ကုမ္ပဏီ SIMCO က၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၁၈ အထိ ၆ နှစ်ကြာ ထုတ်ယူခဲ့ပြီဖြစ်၍လက်ရှိတွင် တောင်တစ်ခုလုံးကုန်လုနီးပါးဖြစ်နေပြီဖြစ်ပြီးပြန်လည်ထုတ်ယူလျှင်လည်း ဒေသခံများအတွက် အကျိုးမရှိနိုင်ဟုတောင်ကုတ်မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောသည်။

 

နေပူတောင်က ထွက်တဲ့ကျောက်တွေကအားလုံး အစအနတွေပဲ ထွက်တာကိုး။ အကျိုးတွေအပဲ့တွေပဲ ထွက်ပြီး အကောင်းရတာနည်းတယ်လေ။ပြန်ထုတ်မယ်ဆိုရင် ဒေသအတွက် ထူးခြားလာမယ်လို့ မမြင်ဘူးဟု ပြောသည်။

 

နေပူတောင်မှကျောက်များကို ၁၉၇၃/၁၉၇၄ ခုနှစ်တို့က လမ်းခင်းကျောက်များပြုလုပ်ရန် မိုင်းများဖြင့်ဖောက်ခွဲခဲ့ရသည့်အတွက်ကျောက်များမှာ ယင်းအချိန်ကပင် အရည်အသွေး မကောင်းတော့ကြောင်းဆက်ပြောသည်။

 

ဓာတ်ပုံ- ၂၀၁၂ မှ ၂၀၁၈ အတွင်း နေပူတောင်မှ ကျောက်ထုတ်လုပ်မှုမြင်ကွင်းများPhotosby -  နိရဥ္စရာနှင့် ရခိုင်လူမှုကွန်ရက်-တောင်ကုတ်

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.