ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မောင်တောတွင် ကျေးရွာသားအချင်းချင်းသေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရကာ ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရဥ္စရာ၊ ဒီဇင်ဘာ /၂၀၂၂

မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ(မူဆလင်)ကျေးရွာတွင် ရွာသားအချင်းချင်း စကားများပြီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တစ်ဦးဒဏ်ရာရရှိသွားသဖြင့်  ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသူမှာ ကြက်ရိုးပြင်ကျေးရွာအုပ်စု၊ ရွာမ(မူဆလင်)ကျေးရွာမှ ဦးအိမ်ဒီယာ့စ် (၃၃ နှစ်) ဖြစ်သည်။ 

နိုဝင်ဘာ (၃၀) ရက်နေ့ ညနေ (၄) နာရီခွဲတွင် ရွာစျေးအနီး စျေးဝယ်နေစဉ် ပစ်ခတ်ခံရသူ ဦးအိမ်ဒီယာ့စ်  နှင့် ယခင်ကတည်းကရန်စရှိသည့် ငါးစားကြူးကျေးရွာမှ ဘူနီယာ(ခ) အာမီဒူလာက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။ 

" ဟိုတစ်နေ့ ည ၄ နာရီခွဲမှာဖြစ်ကြတာပါ။ သူတို့က အရင်ကနေ စကားများစရှိတယ်။ စျေးဝယ်ဖို့ သွားတယ်။ ဆိုင်မှာထိုင်နေတာကို ပစ်တဲ့သူက အပစ်ခံရသူကိုခေါ်ပြီး အချေအတင်စကားများကြရင်း ရန်ဖြစ်ကြတာ။ ပေါင်တစ်ချက်အပစ်ခံရတယ်။ ဆေးရုံတင်ပြီး အော်ပရေးရှင်းလုပ်လိုက်ရပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့မလိုဘူး"ဟု  ပစ်ခတ်ခံရသူ အိမ်ဒီယာ့စ်၏ သူငယ်ချင်းတစ်ဦးက ဖြစ်စဉ်ကို ပြောသည်။

လက်ရှိမှာ ပစ်ခတ်ခံရသူ အိမ်ဒီယာ့စ်မှာ ညာဘက်ပေါင်တွင်ကျည်ဆံထိမှန်ကာ မောင်တောဆေးရုံတွင် ဆေးကုသထားရပြီး ပစ်ခတ်သူ ဘူနီယာ(ခ) အာမီဒူလာမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်နေသည့် တရားခံအား သက်ဆိုင်ရာများထံ ကာယကံရှင်မိသားစုများက တိုင်ကြားထားကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ