နိရဉ္စရာ၊ ဒီဇင်ဘာ ၅/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA) နှင့်အလွတ်သဘော အပစ်ရပ်ထားမှုကို အခွင့်ကောင်းယူကာ စစ်ကောင်စီသည် ရခိုင်ပြည်နယ် အနှံ့အပြားတွင်လက်နက်၊ ရိက္ခာ၊ လူအင်အားများကို ဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း စစ်ဇက်ရေယာဉ်လေးစီးသည် မင်းပြားမြို့မင်းဘာကြီး ဖောင်တော်သို့ ဆိုက်ကပ်ရောက်ရှိလာပြီး လက်နက်နှင့် ရိက္ခာများကို တပ်ရင်း(၅၄၁) သို့ ပို့ဆောင်နေကြောင်း ဒေသခံမျက်မြင်များက ပြောကြားသည်။
မင်းပြားမြို့သို့ ရောက်ရှိနေသည့် ရေတပ် ဇက်ရေယာဉ် ၄ စီးသည် လက်နက်ခဲယမ်းမီးကျောက်များနှင့်ရိက္ခာများတင်ဆောင်ကာ ယနေ့နံနက်ကစစ်တွေမြို့ မင်းဂံဆိပ်ကမ်းက ထွက်ခွာသွားခဲ့သည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
“ ဒီနေ့ ဒီဇင်ဘာ ၅ ရက် မနက် ရ နာရီက စစ်တွေ ရွှေမင်းဂံရေတပ်ကနေ ထွက်ခွာသွားတာပါ။ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ အပြည့်ဖြည့်ပြီးသွားတာပါ။ မင်းပြားကို ဦးတည်ထွက်သွားတာပါ” ဟု ပြောသည်။
ဒေသခံများအပြော၇ အဆိုပါ ရေတပ်ဇက်ရေယာဉ် ၄ စီးပေါ်တွင် စစ်ကား ၆၈ စီးဖြင့်လာရောက်ပို့ဆောင်ထားသည့် တပ်ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့်စစ်သားများဖြစ်ကြောင်း၊ ထိုသို့ဖြည့်ဆည်းရာတွင် ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကားထရပ် ၄၅ စီးနှင့် ၄ ရက်နေ့တွင် စစ်ထရပ် ၂၃ စီး စုစုပေါင်း၆၈ စီဖြင့် ပို့ဆောင် ဖြည့်တင်းထားခြင်း ဖြစ်ကြောင်း ABN သတင်းတွင် ဖော်ပြထားသည်။
ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က မောင်တောဘက်သို့ တစ်စီးနှင့် လက်နက်ရိက္ခာများ ပို့ဆောင်ခဲ့သလို ယနေ့တွင်လည်း မင်းပြားသို့ စစ်ဇက်ရေယာဉ် ၄ စီးဖြင့် ဆက်လက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် အေအေနှင့် အလွတ်သဘောအပစ်ရပ်ပြီးနောက်တွင်စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများ၊ လူအင်အားများကို အကြီးအကျယ် ဖြည့်ဆည်းနေကြောင်းသတင်းများရရှိသည်။