နိရဉ္စရာ၊ ဒီဇင်ဘာ ၇/၂၀၂၂
ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်ရပ်ပြီးနောက်တွင် စစ်ကောင်စီက တရားဝင်ပြန်ဖွင့်ပေးထားသည့် စစ်တွေမြို့နယ် ရေချမ်းပြင် ကူးတို့ဆိပ်တွင် စစ်တပ်အရာရှိတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက စက်လှေပိုင်ရှင်များ ထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများရှိနေကြောင်း သိ၇သည်။
ထိုသို့ငွေကြေးတောင်းခံရာတွင် စက်လှေတွင် ကုန်နှင့်လူပါလာသည့် အခြေအနေ အပေါ်မူတည်၍ ငွေကြေး ၅ သောင်းကျပ်မှ ကျပ်တစ်သိန်းကျော်အထိ တောင်းခံနေပြီး ၎င်းတို့တောင်းခံသည့် ငွေကြေးများကို မပေးပါက စက်လှေသို့ ကုန်တင်ကုန်ချပြုလုပ်ရန် ခွင့်မပြုဘဲထားကာ ပါလာသည့်ခရီးသည်များကိုလည်း တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်ကာ အချိန်ဆွဲလေ့ရှိကြောင်း စက်လှေသမားများကပြောသည်။
"အခုအပစ်ရပ်တဲ့နောက်ပိုင်းမှာလည်း တောင်းနေတာပါ။ ဒီနားမှာလာမကပ်နဲ့ဆိုပြီး ဘုတ်တွေကိုနှင်ထုတ်တယ်။ သူ့ဆီကိုသွားပြီး လက်ဖက်ရည်ဖိုး ငါးသောင်း၊ တစ်သိန်း ပေးလိုက်မှပဲ ကုန်တွေတင်ချလုပ်လို့၇တယ်။ လူတွေအများ တင်လာရင်လည်း မေးတယ်။ ဘာကြောင့်တင်လာတာလဲဆိုပြီးတော့။ နောက်နေ့ဆိုရင်လည်း လူ၂၀ ထက်ပိုပြီးတင်မလာနဲ့ပြောတယ်။ ငွေပေးမှပဲအဆင်ပြေတယ်။ ခရီးသည်တွေကို မှတ်ပုံတင်တွေစစ်တယ်၊ အဖေအမေကဘာလုပ်လဲ၊ ဘယ်သွားမလဲဆိုတာကအစ မေးတယ်။ ရေချမ်းပြင်ဆိပ်က ကားသမားတွေဆီကလည်း သုံးစီးပေါင်းပြီး တစ်သိန်း တောင်းစားတာတွေလည်း ရှိတယ်" ဟုပြောသည်။
စစ်ကောင်စီက ရေချမ်းပြင်-အငူမော်ကူးတို့ဆိပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ၇က်က တရားဝင် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်ကာ စစ်တွေအခြေစိုက် (၂၇၀)တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရေကြောင်းရဲနှင့် ရေချမ်းပြင်မှ ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိ၇သည်။
စစ်တွေ ရေချမ်းပြင်ကူးတို့ဆိပ်ကို စစ်ကောင်စီက ပိတ်ထားသည့် အချိန်တွင်လည်း မိမိတို့လမ်းကြောင်းကိုယ်စီမှ စစ်တွေသို့လာရောက်ကြသည့် စက်လှေသမားများထံမှ အဆိုပါရေချမ်းပြင်ကူးတို့ဆိပ်ရှိ စစ်ဆေးရေးအရာရှိများမှ စက်လှေတစ်စီးလျှင် ငွေကျပ် သုံးသိန်းအထိ တောင်းခံမှုများရှိခဲ့ပြီး ယခုတရားဝင်လမ်းပြန်ဖွင့်ပြီးသည့်အချိန်တွင်လည်း ဆက်လက်တောင်းခံနေခြင်းဖြစ်ကြောင်း စက်လှေသမားများကပြောသည်။
"ပိုက်ဆံမပေးရင် ခရီးသည်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားခွင့်မပေးဘူး။ ဘုတ်ပိုင်ရှင်တွေကို အကျပ်ကိုင်ထားပါတယ်။ ပိုက်ဆံပေးလိုက်ရင်တော့ သွားခွင့်ပေးတာတွေ၊ ကုန်တွေတင်ခွင့် ပေးပါတယ်။ လမ်းပြန်ဖွင့်ပြီးနောက်မှာတောင်းပါ၊ အခုထိလည်းတောင်းပါတယ်။ ပိုက်ဆံမပေးရင်တော့ လူတောင်တင်ခွင့်မပေးဘူး၊ အရမ်းအနှောင့်အယှက်ပေးပါတယ်။ အဓိကတောင်းတာကတော့ တပ်ကဗိုလ်ကြီးတောင်းနေတာပါ။ ဆိပ်ကမ်းနားမှာ ဘုတ်တွေအဝင်အထွက်ရှိရင် သူကိုယ်တိုင်လာကြည့်ပြီးတောင်းတာပါ။ ပိုက်ဆံပေးထားတဲ့ သူတွေကိုကျရင် လူကိုယ်တိုင်တောင်လာမကြည့်တော့ဘူး၊ ဒီအတိုင်းအလွတ်ပေးတယ်။ ဘုတ်ရှင်တွေကတော့ သွားခွင့်လာခွင့်၇အောင်တော့ သူ့ကိုပေးကြ၇တာပါပဲ။ လမ်းဖွင့်ပြီးတဲ့ နောက်မှာတော့ နေဗီဇက်ရေယာဉ်တွေက ဘာမှမလုပ်ပါဘူး" ဟုပြောသည်။
အဆိုပါ စစ်တွေရေချမ်းပြင်ကူးတို့ဆိပ်တွင် အငူမော်မှ ကူးတို့လှေများနှင့် ၇သေ့တောင်မြို့နယ် မစဲကမ်း၊ မယူကမ်း၊ ဘူးသီးတောင်မြို့နယ်တို့မှ စက်လှေများ လာရောက် ဆိပ်ကပ်လေ့ရှိကြောင်း သိ၇သည်။
လက်ရှိတွင် အဆိုပါကူးတို့ဆိပ်ကို ပြန်လည်ဖွင့်ပေးထားပြီဖြစ်သော်လည်း စစ်တပ်အရာရှိများက စက်လှေသမားများထံမှ ငွေကြေးတောင်းခံမှုများရှိနေပြီး ငွေမပေးလျှင် အနှောင့်အယှက်ပေးမှုများရှိနေသဖြင့် ဒေသခံခရီးသွားများအခက်အခဲဖြစ်နေ၇ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ထိုသို့ ငွေကောက်ရန် စစ်ကောင်စီက ခွင့်ပြုထားခြင်း ရှိ မရှိသိရှိလိုသဖြင့် ၇ခိုင်ပြည်နယ် နယ်လုံဝန်ကြီးနှင့် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။
၇သေ့တောင်မြို့နယ် စေတီပြင်ချောင်း၀ရှိ နေဗီမှ သိမ်းယူထားသော စက်လှေသမား ၃၀ ကျော်၏ငွေကြေးနှင့် ပစ္စည်းများကို အေအေက ကြားဝင်ဆောင်ရွက်ပေးရာမှ ၇သေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ၇က်နေ့က စက်လှေသမားများထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိ၇သည်။ (NN-8)