နိရဥ္စရာ၊ဒီဇင်ဘာ ၈/၂၀၂၂
မောင်တောမြို့နယ်၊ ကြိမ်ချောင်းနယ်ခြားစောင့်အမှတ်(၂၄) စစ်ဆေးဂိတ်တွင် ဖမ်းဆီးခံလိုက်၇သည့် ယခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်အသက် ၂၀ အရွယ် မအေးမြစန္ဒာနှင့် ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မောင်ကျော်တို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်လိုက်ပြီးဒီဇင်ဘာ ၅ ရက်နေ့က ရုံးထုတ်ခဲ့သည်ဟု သတင်းထွက်ပေါ် နေသော်လည်း အဆက်အသွယ် မရသေး၍ မိသားစုများအနေဖြင့် တစ်စုံတစ်ရာအတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအမျိုးသမီး၏ မောင်ဖြစ်သူ ကိုမျိုးငြိမ်းချမ်းကပြောဆိုသည်။
"မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁/၂)နဲ့အမှုဖွင့်ခံရတယ်လို့ သတင်းအစအနတွေကြား၇တယ်။ တရားစွဲတာနဲ့ပတ်သက်လို့လည်းအတိအကျမသိ၇ဘူး။ ကျွန်တော် မိဘတွေက ဖမ်းဆီးခံ၇တဲ့ ကြိမ်ချောင်းစခန်းကို သွားတွေ့တော့လည်းတွေ့ခွင့်မ၇ခဲ့ဘူး။ ဒီဇင်ဘာ (၅) ရက်နေ့က ရုံးထုတ်မယ်လို့ သတင်းကြားလို့မောင်တောတရားရုံးကိုသွားကြည့်ပေမယ့်လည်း ဘာမှမပြောဘူး။ ရုံးလည်း မထုတ်ပါဘူး"ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် မအေးမြစန္ဒာနှင့် ကယ်ရီသမားတို့နှင့် ဖမ်းဆီးထားသည်မှာ တစ်လကျော် ရှိလာပြီဖြစ်ပြီးမိသားစုနှင့်တွေ့ခွင့်မရ၍ သူတို့ အခြေအနေမည်သို့ ဖြစ်နေသည်ကို မသိ၇သေးကြောင်း ၎င်းကပြောကြားသည်။
မင်းပြားမြို့နယ်၊ပြိုင်းတောကျေးရွာမှ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အသက် ၂၀အရွယ် မအေးမြစန္ဒာနှင့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ဆိုင်ကယ် ကယ်ရီသမား ကိုမောင်မောင်ကျော် ဆိုင်ကယ်ဖြင့် မောင်တောမြို့နယ်မြောက်ပိုင်းမင်္ဂလာညွန့်ကျေးရွာမှ မောင်တောသို့ ပြန်လာစဉ် နိုဝင်ဘာလ ၁ ရက်နေ့က ကြိမ်ချောင်းနယ်ခြားစောင့်အမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။
"ကျနော်တို့ စိုးရိမ်တာကဘယ်နေရာမှာ ဘယ်လိုထားလဲ။ ဘယ်လိုရှိနေလဲ။ ကျန်းကျန်းမာမာရော ရှိရဲ့လား။ပုံမှန်ရော စားသာက်ရသလားဆိုတာတွေ မသိ၇တဲ့အခါ တော်တော်စိုးရိမ်ပါတယ်။ မိန်းခလေးဆိုတော့ အစစအရာရာ စိုးရိမ်၇ပါတယ်"ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ တရားရုံးမတင်ဘဲ ဖမ်းဆီးထားသည်မှာ တစ်လကျော်လာပြီဖြစ်သဖြင့်ယခုလုပ်ရပ်မှာ လူ့အခွင့်ရေး ချိုးဖောက်သည်နှင့် တူနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
"ကျွန်တော်တို့အစ်မဟာ ဒီမတရားအဖွဲ့တွေနဲ့ဆက်သွယ်ပြီးအပြစ်ကျူးလွန်ထားတာမရှိပါဘူး။ မရှိတဲ့အတွက် အခုလိုတရားစွဲခံ၇တာဟာလုံး၀မတရားပါဘူး။ အခုလိုတစ်လကျော်ထိ မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ ချုပ်နှောင်ထားတာဟာ လူ့အခွင့်ရေးချိုးဖောက်တာနဲ့လည်း တူနေပါတယ်။"
တိုင်းပြည်ကို အုပ်ချုပ်နေသည့်အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မိသားစုကို အသိပေးအကြောင်းကြားရန် လိုအပ်ကြောင်း၊တစ်လကျော်သည်အထိ ရုံးလည်း မတင်၊ တရားစွဲဆိုခြင်းလည်းမရှိဘဲ အမျိုးသမီးငယ် တစ်ဦးအပေါ် ထိန်းသိမ်းထားခြင်းမှာ မဖြစ်သင့်ကြောင်း၊ ဥပဒေကို စောင့်ရှောက်နေသည့် အဖွဲ့အစည်းကဥပဒေကို မလေးစားဘဲ ချိုးဖောက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ သူမမှာ တစ်စုံတစ်ရာအပြစ်ရှိလျှင်တောင်မှ ဥပဒေအရ အကာအကွယ်ရသင့်ကြောင်း အမည်မဖော်လိုသူ ရခိုင်လူ့အခွင်အရေးလှုပ်ရှားနေသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်ကောင်စီတို့အလွတ်သဘော အပစ်အခတ်ရပ်စဲထားပြီ ဖြစ်သဖြင့် မတရားအသင်းဆက်သွယ်မူ ၁၇(၁) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသူများကိုမကြာမီ ပြန်လွတ်ပေးမည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း သိ၇သည်။
၇ခိုင်မှာတကျော့ပြန်တိုက်ပွဲများပြင်းထန်ခဲ့သည့် အောက်တိုဘာလ မှနိုဝင်ဘာ ၂၃ ရက်နေ့အထိ ဒေသခံ ၃၂၄ ဦးဖမ်းဆီးခံခဲ့၇ပြီး (၈၅)ဦး ပြန်လည်လွတ်မြောက်လာသော်လည်း လက်၇ှိမှာ(၂၃၉) ဦးအထိဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းရက္ခိုင့်တပ်တော် အေအေပြောခွင့်ရ ဦးခိုင်သုခက ရက္ခိုင့်တပ်တော်(AA)၏ (၆)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးနှင့်ဆက်လက်ဖမ်းဆီးမှုများမပြုလုပ်ရန် စစ်ကောင်စီနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ဦးခိုင်သုခကပြောဆိုထားသည်။ (NN-7)