ဇက်ရေယာဉ်ဖြင့် မင်းပြားသို့ ပို့ဆောင်ထားသည့် လက်နက်နှင့် စစ်အသုံးဆောင်ပစ္စည်းများကို မြောက်ဦးနှင့် ရာမောင်တံတားဘက်သို့ ထပ်မံပို့ဆောင်


နိရဉ္စရာ၊ ဒီဇင်ဘာ ၈/ ၂၀၂၂


စစ်ကောင်စီတပ်မှ ဇက်ရေယာဉ် ၄ စီးဖြင့်  မင်းပြားအခြေစိုက် တပ်ရင်းများသို့ ပို့ဆောင်ထားသည့် လက်နက် စစ်အသုံးအဆောင်များနှင့် ရိက္ခာများကို ယနေ့  ဒီဇင်ဘာ ၈ နံနက် အစောပိုင်းတွင် မြောက်ဦးှင့် ရာမောင်ဘက်သို့ ကားတန်းဖြင့် ပြောင်းရွှေ့နေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။


အဆိုပါ လက်နက်၊ စစ်အသုံးအဆောင်နှင့်  ရိက္ခာများကို မြောက်ဦးနှင့် ရာမောင်တံတားအနီးရှိ တောင်တွင် တပ်စွဲထားသည့် စစ်ကောင် စီစခန်းကို ပို့ဆောင်ခြင်းဖြစ်နိုင်ကြောင်း မျက်မြင်တစ်ယောက်က ပြောသည်။


ဒီနေ့ မနက် အစောကြီးကတည်း ကား ၇ စီးနဲ့ ပြောင်းနေတာ ၂ ခေါက်ရှိပြီး။ မနက် ၄ နာရီခန့်က တစ်ခေါက် နဲ့ မနက် ၇ နာရီကျော်မှာတစ်ခေါက် အားလုံ ၂ ခေါက်ကျပြီ။ အဲဒီဘက်သွားရင်တော့ မြောက်ဦးနယ်က စခန်းတွေနဲ့ ရာမောင်တံတားအနားက တောင်မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းကို ပို့တာဖြစ်နိုင်တယ်ဟု ပြောသည်။


ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ဇက်ရေယာဉ် ၄ စီးနှင့် တင်ဆောင်လာသည့် လက်နက်နှင့် ရိက္ခာများကို မင်းပြားအခြေစိုက် ၅၄၁ စစ်ကောင်စီတပ်ရင်းကို ပြောင်းရွေ့ခဲ့ပြီး ယင်းမှတစ်ဆင့် အခုအခါ မြောက်ဦးနှင့် ရာ မောင် တံတနားအနီးရှိ စစ်စခန်းများကို ပြောင်းရွှေ့နေခြင်းဖြစ်သည်။


ရိက္ခာနှင့်လက်နက်များ ပို့ဆောင်ရန်အတွက် မင်းပြား- မြောက်ဦးလမ်းတွင်လည်း လုံခြုံရေးများချထား သည် ဟုလည်း မင်းပြားမြို့ခံတစ်ယောက်က ပြောသည်။


သူတို့က(စစ်ကောင်စီတပ်) လမ်းတလျောက်မှာလည်း ဟိုတနား တစ်စု၊ ဒီနားတစ်စု အဲလိုမျိုးချထားတယ်။ သဲတန်းရွာနားမှာလည်း အင်အား ၂၀ လောက်တွေ့ရတယ်။ တခြားနေရာတွေမှာလည်း အဲလိုမျိုး အစုလိုက် ရှိနေတယ်။


ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်နှင့် နိုဝင်ဘာလ ၂၆ ရက်နေ့က အလွတ်သဘော အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီတပ်မှ ဇက်ရေယာဉ်များကို အသုံးပြုကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့တွင် ရိက္ခာ၊လက်နက်များကို ဖြည့်တင်းနေသဖြင့် ငြိမ်းချမ်းရေးထက် စစ်ပွဲများကို ဦးတည်နေသည့် လုပ်ရပ်အဖြစ် အများက မြင်နေကြသည်။

Share: