ပုဏ္ဏားကျွန်းတွင်ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော် နုတ်ထွက်သွားသော်လည်း အုပ်ချုပ်ရေးယန္တရားကို ULA က တာဝန်ယူထားပြီဖြစ်၍ စိုးရိမ်စရာမရှိဟုဆို


နိရဥ္စရာ၊ ဒီဇင်ဘာ ၈/ ၂ဝ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော် နုတ်ထွက်သွားသော်လည်း ဒေသတွင်းအုပ်ချုပ်ရေး ယန္တရားကို ULA က တာဝန်ယူထားပြီဖြစ်၍ စိုးရိမ်စရာမရှိတော့ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက အုပ်ချုပ်ရေးမှူးမရှိပေမဲ့ ULA အဖွဲ့ရှိတယ်လေ။ အဲဒီ ULA အဖွဲ့က အားလုံးကို အစစအရာရာ အားလုံးကိုင်ဆောင်ပြီးတော့ အမှုကိစ္စကိုပါ အဲဒီ ULA က ကိုယ်တွယ်ဖြေရှင်းနေတယ်လေ။ အဲဒီအုပ်ချုပ်ရေးမှူးက ၂ဝ၂ဝ ကနေ အဲဒီအုပ်ချုပ်ရေးမှူး တစ်ခုမှ မကိုင်တော့ဘူး။ သူ့မှာ လစာထုတ်တယ်၊ စားတယ်။ လစာထုတ်တယ်၊ စားတယ်။ ရွာသားတွေကလည်း သူ့ဆီ ဘယ်သူမှ သွားမတိုင်ကြတော့ဘူး။ အားလုံး ULA ဆီမှာပဲသွားတိုင်ကြတယ်။ ULA ကပဲ အားလုံးကို ဖြေရှင်းနေရတယ်ဟု ပြောသည်။

ရခိုင်ရှိ ကျေးရွာများ အုပ်ချုပ်ရေးယန္တရားများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က တာဝန်ယူဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

ဒေသတွင်း အမှုအခင်းများဖြစ်ပေါ်လာပါကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များကို အားကိုးမရသည့်အတွက် ဒေသခံများသည် ULA အဖွဲ့ဝင်များထံကိုသာ သွားရောက်တိုင်ကြားမှုများ ရှိနေကြပြီး ULA ကလည်း အတတ်နိုင်ဆုံး တရားမျှတမှုရှိရှိဆောင်ရွက်ပေးနေသည်ဟု ဒေသခံများက ဆိုကြသည်။

ဒေသတွင်းအုပ်ချုပ်ရေးအပိုင်းကိုဆောင်ရွက်ကြရာတွင်လည်း အစိုးရခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများထက် ULA က ဆောင်ရွက်ပေးမှုသည် ပိုမိုထိရောက်မှုရှိသည်ဟုလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ဒီမှာကတော့ ULA ကတော့ အရင်ကနေ အစိုးရခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေထက် လည်ပတ်ပါတယ်။ များသောအားဖြင့် နယ်တွေမှာက အဲလိုပဲ။ ဟိုအုပ်ချုပ်ရေးမှူးတွေကျတော့ အစိုးရနဲ့ဆက်စပ်တဲ့ ဥပမာ ထောက်ပံ့ရေးပစ္စည်းတွေ၊ အသက်ကြီးတွေကို ပိုက်ဆံထောက်ပံ့တာတို့၊ မွေးကင်းစကလေးတွေ၊ ကိုယ်ဝန်သည်တွေကို ပိုက်ဆံထောက်ပံ့တာတွေမှာသာ အလုပ်ဖြစ်တာ။ တခြား ကျေးရွာဖွံ့ဖြိုးရေးအပိုင်းတွေမှာတော့ သိပ်အလုပ်မဖြစ်တော့ဘူး။ အခု သူတို့ နုတ်ထွက်လိုက်ကြပေမဲ့ ULA မှာတော့ လည်ပတ်ပြီးသားပဲဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ၇ဝ ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှစတင်ကာ အစုလိုက်အပြုံလိုက် နုတ်ထွက်စာတင်ခဲ့ကြခြင်းဖြစ်သည်

ယင်းနောက် သူတို့ကို ဒီဇင်ဘာလ ၄ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆင့်ခေါ်ခဲ့သော်လည်း အစိုးရကို အယုံအကြည်မရှိတော့၍ဟုဆိုကာ တစ်စုံတစ်ဦးမျှ သွားရောက်ခဲ့ခြင်းမရှိခဲ့ဟု နုတ်ထွက်ထားသူများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကောင်စီကား ၁ စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လူနေကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ၁၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီအပေါ် လူထု ယုံကြည်မှု လုံးဝကျဆင်းသွားခဲ့သည်ဟု သိရသည်။ 

ယင်းနောက် ကျေးရွာအုပ်ချုပ်မှူးများသည်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်ကြောင့် စစ်ကောင်စီလက်အောက်တွင် အုပ်ချုပ်ရေးမှူးတာဝန်ကို ဆက်လက်ထမ်းဆောင်လိုစိတ် မရှိတော့ဟုဆိုကာ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်ခဲ့ချိန်ကလည်း မြောက်ဦး၊ ကျောက်တော်နှင့် ရသေ့တောင် စသည့်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြားသည် တာဝန်မှ နုတ်ထွက်စာတင်ကာ နုတ်ထွက်ခဲ့ကြဖူးသည်။

 ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့မြင်ကွင်းအား ဦးရာဇ်တော်ဓာတ်စေတီရင်ပြင်မှ မြင်တွေ့ရစဉ်။

Share: