ရခိုင်နှင့်ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ၉၈၀၀၀ကျော်ကိုအကူအညီပေးနိုင်ရန်လိုအပ်နေဟု ယူအန်ထုတ်ပြန်


နိရဉ္စရာ၊ ဒီဇင်ဘာ ၈/ ၂၀၂၂

ရခိုင်ပြည်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ၄ လကျော်ကြာအောင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲ များကြောင် နေရပ် စွန့်ခွာရသူ ၉၈၅၀၀ ကျော်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် လိုအပ်နေသည်ဟု ယူအန်အိုချာ (UNOCHA) က ဒီဇင်ဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

 ၎င်းထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲတွေ ၄လကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးတဲ့နောက် ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲကြောင်း နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ကြေညာခဲ့ကြောင်း၊  ဒီထုတ်ပြန်ချက်အပြီးမှာ ပြည်နယ်အတွင်းရှိ ရေလမ်းအချို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မြို့နယ်အများအပြားမှာ ကန့်သတ်ခံထားရတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အရပ်သားသွားလာမှုတွေ ဖြေလျှော့ပြီး အကူအညီတွေ ပြန်လည် ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေပါကြောင်း ဟု ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကို လွန်ခဲ့သည့် စက်တင်ဘာလမှစပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီးအမိန်နှင့် ကန့်သတ် ပိတ်ထားခဲ့ ခြင်း ဖြစ်သည်။စခန်းများတွင်နေထိုင်သူများမှာ စားသောက်ရေးနှင့်ကျန်းမာရေး အကူအညီများ လိုအပ်နေသည်ဟု ယခုရက် ပိုင်းအတွင်း ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်ခဲ့သူ လူမှုရေးလှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
အခုသစ်ရောက်နေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင်က လူတွေမှာဆိုရင် ဖြစ်သလို စားသောက် နေကြရပြီး ယူအန်အဖွဲ့အစည်းတွေကလည်း ဝင်လို့မရသေးတော့ အသစ်ရောက်လာတဲ့ သူတွေ အများကြီးအ ခက်အခဲရှိတယ်။ ကျန်းမာရေးပိုင်းမှာကျတော့လည်း ဆေးတွေကိုလုံး၀ ယူခွင့်မရှိတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေကလည်း မသွားဖြစ်ကြတော့ ကျန်းမာရေးအပိုင်းမှာ တော်တော်အခက်အခဲရှိနေကြပါတယ်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေငြာပြီးနောက် ပိတ်ထားသည့် ကုန်း လမ်း ရေလမ်းတချို့ကို စစ်ကောင်စီက ဖွင့်လိုက်ပြီးဖြစ်သည်။

 သို့သော်လည် စစ်ဘေးရှောင်စခန်းသို့ အကူအညီပေးရေးကို ဆက်လက်  ကန့်သတ်ခံထားရသည်ဟု သိရသည်။

 သို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရပ်သားသွားလာမှုများကို ဖြေလျော့ပြီး အကူအညီများပေးသူများ ပြန်လည်ဝင်ရောက်ပြီး လူသားချင်းဆိုင်ရာဆိုင်ရာ အကူအညီပေးနိုင်ရန် မျှော်လင့်နေသည်ဟု UNOCHA ပြောဆိုသည်။

လက်ရှိအချိန်တွင် အစိုးရမှ သွားလာခွင့်ပြုထားသည့် လက်မှတ် သက်တမ်းရှိသည့် အဖွဲ့အစည်းတချို့ သွားလာခွင့်ရသော်လည်း သွားလာခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသည့် အဖွဲ့အစည်းများမှာ နောက်ထပ် ခွင့်ပြုချက်များတင်နေကြရပြီး မည်သည့်အချိန်တွင် ကျလာမည်ကို မသိရကြောင်းလည်း သူကပြောသည်။

ကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့၌  အရပ်သားပြည်သူ ၂၃,၇၀၀ ခန့် အိုးအိမ်စွန့်ခွါတိမ်းရှောင်နေရဆဲဖြစ်ပြီး ယခင်နှင့် လက်ရှိ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါရသူဦးရေစုစုပေါင်း ၉၈,၅၀၀ ကျော် ရှိလာပြီဖြစ်‌ကြောင်း  နိုဝင်ဘာလ (၂၈) ရက်နေ့အထိ ကိန်းဂဏန်းတွေအရ သိရှိရကြောင်း  ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share: