ရသေ့တောင်မြို့နယ် မညှင်းတောင်စစ်တပ်စခန်းတောင်ခြေအနီးမှ ပေါက်ကွဲသံတစ်ခု အကျယ်ကြီးကြားခဲ့ရဟု ဒေသခံများပြောဆို



နိရဉ္စရာ၊ ဒီဇင်ဘာ ၈/၂၀၂၂

ရသေ့တောင်မြို့နယ်မြောက်ပိုင်း  စစ်ကောင်စီတပ်စခန်းချထားသည့် မညင်းတောင် တောင်ခြေအနီးမှ ယနေ့ ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၈ နာရီကျော်ခန့်က ပေါက်ကွဲသံတစ်ခုကို အကျယ်ကြီးကြားခဲ့ရပြီး ဒေသခံများက မိုင်းပေါက်ကွဲမှု ဖြစ်ပုံရသည်ဟု ပြောဆိုသည်။


အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသည် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသည့် မညှင်းတောင်ခြေတွင်ဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထောင်ထားသောမိုင်းပေါက်ကွဲမှုသာဖြစ်နိုင်ကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။


"ယင်းအနီးက သူတို့နေတဲ့နေရာတွေပဲဆိုတော့ သူတို့ထောင်ထားတဲ့မိုင်းပဲဖြစ်မယ်။ ကျနော်တို့ကတော့ မသွားရဲဘူး။ ပေါက်တဲ့အသံတော့ ဂျိန်းခနဲ အကျယ်ကြီး ကြားလိုက်ရတယ်။ ဘယ်လိုဘယ်ပုံဖြစ်သွားလဲတော့ သေချာမသိဘူး။ မိုင်းပေါက်ပြီး လူလား၊ တိရစ္ဆာန် ထိသွားတာလား မသိရသေးဘူးဟု ၎င်းက ပြောသည်။

 

၎င်းနေရာ အနီးအနားတွင်  စပါးရိတ်နေကြသူများရှိသော်လည်း စစ်သားများက ကန့်သတ်ထားသည့် နေရာများရှိကြောင်း၊ ၎င်းနီးအနားကို မည်သူမျှ စပါးသွားမရိတ်ကြကြောင်း၊  မညှင်းတောင်နှင့် အနီးတဝိုက်ဆိုလျှင် ပို၍ပင် ပါးရိတ်ရန် မသွားရဲကြကြောင်း ၎င်းက ပြောသည်။


အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မညှင်းတောငတွင် ပြီးခဲ့သည့်လများက ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားမှုရှိခဲ့သည့်အပြင် ယင်းအနီးအနားရှိ ရေစိုးချောင်း၊အမျက်တောင် စစ်ကောင်စီဗျူဟာတို့မှ လက်နက်ကြီးများဖြင့် လူနေကျေးရွာများကို ပစ်ခတ်မှုရှိခဲ့သဖြင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့မှုများလည်း ရှိခဲ့သည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ အပစ်ရပ်ထားသဖြင့် မညှင်းတောင်အနီးအနား ကျေးရွာများရှိ ဒေသခံများမှာ မိမိနေရပ်သို့ပြန်လာကာ စပါးရိတ်သိမ်းမှုများပြုလုပ်နေကြကြောင်း သိရသည်။
(NN-8)

 

Share: