Preview

ကျောက်ဖြူတွင် မျှောပိုက်များဖြင့်ငါးဖမ်းသူများနေရာသို့ ကျားပါးစပ်ပိုက်ဖြင့်ငါးဖမ်းသူများက ဝင်ရောက်ငါးဖမ်းနေကြ၍ ငါးဖမ်းပိုက်များဆုံးရှုံးပြီး မိသားစုစားဝတ်နေရေးထိခိုက်နေရဟုဆို

ဒီဇင်ဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :5567
ရခိုင် သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၀/၂၀၂၂
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် မျှောပိုက်များဖြင့် ငါးဖမ်းသူများနေရာသို့ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းသူများကဝင်ရောက်ငါးဖမ်းနေကြ၍ မျှောပိုက်များပျက်စီးဆုံးရှုံးပြီး အလုပ်လုပ်၍မ၇တော့၍မိသားစု စားဝတ်နေရေးထိခိုက်နေ၇သည်ဟုမျှောပိုက်သမားများက ပြောသည်။
ကျောက်ဖြူမြို့ရှိ ကျားပါးစပ်ပိုက်(ဒေသအခေါ် အာထောက်ပိုက်)ဖြင့် ငါးဖမ်းသမားများအတွက် ကျောက်ဖြူမြစ်မကြီးအလယ်မှနေ၍ကျောက်ဖြူဘက်ခြမ်းကိုလည်းကောင်း၊ အခြားတစ်ဘက်ခြမ်းကိုမျှောပိုက်ဖြင့်ငါးဖမ်းသမားများအတွက်လည်းကောင်း ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစတင်ကာ ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနအပါအဝင်ခရိုင်ထွေအုပ်တို့က စနစ်တကျ သတ်မှတ်ပေးထားကြောင်းသိ၇သည်။
သို့ရာတွင် ပြီးခဲ့သည့်အောက်တိုဘာလမှစတင်ကာ မျှောပိုက်သမားများနေရာသို့ ကျားပါးစပ်ပိုက်သမားလူဦးရေ ၃၀ ခန့်က ဝင်ရောက်ငါးဖမ်းနေကြ၍ မျှောပိုက်များဆုံးရှုံးပြီးငါးဖမ်းလုပ်ကိုင်၍မ၇ဖြစ်နေကြသည်ဟု မျှောပိုက်သမားတစ်ဦးက ပြောသည်။သူတို့ ကျားပါးစပ်ပိုက်တွေကတိုင်တွေစိုက်ပြီး ငါးဖမ်း၇တာလေ။ ကျနော်တို့ မျှောပိုက်သမားတွေ ကျတော့ ဒီရေအတက်အကျနဲ့ရေစီးနဲ့လိုက်ပြီးဖမ်းရတော့ နေရာက ရွှေ့တယ်လေ။ နေရာရွှေ့တော့ သူတို့ပိုက်ကအသေ၊ ကျနော်တို့ပိုက်က နေရာရွှေ့တဲ့အခါကျတော့ ကျနော်တို့ပိုက်ကသူတို့ပိုက်တိုင်တွေနဲ့သွားငြိတော့ ကျနော်တို့မှာပိုက်တွေ ဆုံးရှုံးမှုက အကြီးအကျယ်ရှိပါတယ်။ ဒါကြောင့် ကျနော်တို့မှာငါးဖမ်းမရတော့ဘဲ စားဝတ်နေရေးတွေ ထိခိုက်ခံစားနေ၇ပါတယ်ဟု ပြောသည်။မျှောပိုက်သမားများငါးဖမ်းရန်သတ်မှတ်ထားသည့်နေရာတွင် ကျောက်ဖြူမြို့ပြင်ဖြူမော်ရပ်ကွက်၊ မဒေးကျွန်း၊ ပေါက်လယ်ချေ၊ သစ်ပုတ်တောင်နှင့်ကုန်ဘောင်စသည့်ကျေးရွာများမှ ဒေသခံငါးဖမ်းသမား အိမ်ထောင်စု ၅၀၀ခန့်က မျှောပိုက်များဖြင့် ငါးဖမ်းကြကြောင်း သိ၇သည်။

မျှောပိုက်သမားများသည်အဆိုပါနေရာတွင် လတစ်လအတွင်း ၂၅ ရက်ခန့် ငါးဖမ်းကြ၇သည်ဟုလည်း ပြောကြသည်။
အလားတူကျားပါးစပ်ပိုက်များဖြင့် ငါးဖမ်းရန်သတ်မှတ်ထားသောနေရာတွင် ပြင်ဖြူမော်ရပ်ကွက်၊ကုလားပိုက်ဆိပ် (ခေါ်) မီးလောင်ကွင်းနှင့် စစ်တောစသည့်ကျေးရွာများမှဒေသခံငါးဖမ်းသမားအိမ်ထောင်စု ၁၀၀ခန့်က ကျားပါးစပ်ပိုက်များဖြင့်ငါးဖမ်းကြကြောင်း သိ၇သည်။
လက်ရှိတွင် မျှောပိုက်နယ်မြေအတွင်းသို့ကျားပါးစပ်ပိုက်သမားဦးရေ ၃၀ ခန့်က ဝင်ရောက်ငါးဖမ်းနေကြမှုကိုမျှောပိုက်သမားများက ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်/ခရိုင်ထွေအုပ်ဌာနသို့သွားရောက်တိုင်ကြားခဲ့သည်ဟု သိ၇သည်။
ယင်းသို့တိုင်ကြားပြီးနောက်ယခင်သတ်မှတ်ထားသည့်နေရာအတိုင်းသာ ဆက်လက်လုပ်ကိုင်ကြရန်ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်တွင်မျှောပိုက်နှင့် ကျားပါးစပ်ပိုက်သမားများထံ ညွှန်ကြားစာပေးပို့ခဲ့သည်။
သို့သော် ငါးလုပ်ငန်းဦးစီးဌာနကကိုယ်တိုင်ကွင်းဆင်း၍ စစ်ဆေးခြင်းတစ်စုံတစ်ရာမရှိဘဲ စာထုတ်ကာညွှန်ကြားခဲ့သည့်အတွက်ယနေ့အချိန်ထိ မျှောပိုက်သမားပိုင်နက်နယ်မြေအတွင်းသို့ကျားပါးစပ်ပိုက်သမားများက ဝင်ရောက်ငါးဖမ်းမှုများရှိနေကြဆဲဖြစ်သည့်အတွက်သက်ဆိုင်ရာ လူကြီးများကကူညီဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။
မျှောပိုက်သမားတစ်ဦးကအခုဆို တချို့ဆိုရင်လုပ်စားဖို့နေရာမရှိတော့ဘူးဆိုပြီး စိတ်ဓာတ်ကျလွန်းအားကြီးလို့ပိုက်တွေကို ရောင်းလိုက်ကြပြီ။ သူတို့တွေ အလုပ်အကိုင်မဲ့ဖြစ်ပြီးစားဝတ်နေရေး ခက်ခဲနေကြတယ်ဟုပြောသည်။
ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနကသတ်မှတ်နေရာအတွင်းသာ ဝင်ရောက်ငါးဖမ်းကြရန်ညွှန်ကြားထားသော်လည်းမျှောပိုက်သမားများနေရာတွင် ကျားပါးစပ်ပိုက်သမားများကဆက်လက်ဝင်ရောက်ငါးဖမ်းမှုများရှိနေဆဲဖြစ်သည်ဟုလည်းမဒေးကျွန်းအုပ်ချုပ်ရေးမှူးကလည်း နိရဥ္စရာကိုပြောသည်။
ကျားပါးစပ်ပိုက်ချသူများအတွက်သတ်မှတ်ထားသည့်နေရာတွင်ယခုနောက်ပိုင်း ငါးဖမ်းရရှိမှုနည်းပါးလာနေသည့်အတွက်မျှောပိုက်သမားများနေရာသို့ ယခုကဲ့သို့ ဝင်ရောက် ငါးဖမ်းဆီးမှုများရှိလာနေခြင်းဖြစ်သည်ဟုကျားပါးစပ်ပိုက်ချသူအများစုက ပြောသည်။
ယခုဖြစ်စဉ်တွင်လည်းကျားပါးစပ်ပိုက်ချသူ လူဦးရေ ၃၀ ဦးခန့်ကသာ ဝင်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး အများစုမှာတရားမျှတမှုကိုသာရလိုပြီး ကျူးကျော်ဝင်ရောက် လုပ်ကိုင်လိုစိတ်မရှိဟု ပြောသည်။
ယခုကဲ့သို့မျှောပိုက်သမားများနေရာတွင် ဝင်ရောက်လုပ်ကိုင်မှုမှာလည်း၄င်းတို့နှင့်သက်ဆိုင်မှုမရှိဟုဆိုကာ ကျားပါးစပ်ပိုက်ချသူ ၅၂ဦးလက်မှတ်ရေးထိုးပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြထားသည်ဟုကျားပါးစပ်ပိုက်သမားတစ်ဦးက ပြောသည်။
ကျနော်တို့ ကျားပါးစပ်ပိုက်ချသူတွေလက်ရှိလုပ်စားနေတဲ့နေရာက ငါးက ရှားလာတယ်။ ရှားလာတော့ဟိုဘက်နေရာကတော့ သူတို့က မျှောပိုက်သမားပဲ လုပ်စားတာကိုး။ ကျားပါးစပ်သမားလုပ်စားတဲ့နေရာမှမဟုတ်တာ။ ကျနော်တို့ ကျားပါးစပ်သမားက အဲဒီနေရာကိုရောက်သွားတော့ ငါးတွေကနည်းနည်းပေါများတယ်ပေါ့။ ပေါများတော့ သူတို့က အဲဒီနေရာကို လိုချင်ကြတယ်။လိုချင်တဲ့အထဲမှာတော့ ကျနော်တို့ကတော့ မပါဘူး။ အခုဖြစ်နေတဲ့နေရာမှာလည်းကျနော်တို့ကတော့ မျှောပိုက်သမားတွေဘက်က ရပ်တည်ပေးတယ်။ကျနော်တို့ကတော့ ကိုယ့်နေရာနဲ့ကိုယ်ပဲ နေမယ်ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မျှောပိုက်သမားများနေရာသို့ဝင်ရောက်လုပ်ကိုင်နေကြသည့် ကျားပါးစပ်ပိုက်သမားများကိုဆက်လက်ဆက်သွယ်နေဆဲဖြစ်သည်။
ကျားပါးစပ်ပိုက်ချသည့်နေရာတွင် ဝါးတိုင်များဖြင့်ပိုက်များချထား၇သည့်အတွက် မည်သည့်ငါးဖမ်းသမားမျှ ငါးရှာ၍မ၇တော့ကြောင်း ငါးဖမ်းသမားများက ပြောသည်။
ဓာတ်ပုံ -ကျောက်ဖြူမြစ်အတွင်း မျှောပိုက်သမားအချို့ ငါးရှာနေကြစဉ်။

 

 

 

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.