စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်ကစစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် အနွေးထည်၊ စောင်များ အရေးတကြီးလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃/၂၀၂၂

စစ်ကောင်စီက ရခိုင်မှစစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင်လည်း ရိက္ခာထောက်ပံ့မှု မပြုလုပ်သလို တစ်ခြား လူမှုအဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများကိုလည်း ပိတ်ပင်ထားသဖြင့် စခန်းတိုင်းလိုလိုတွင် ဆန်ရိက္ခာများနှင့်အတူ ဆောင်းတွင်းကာလအနွေးထည်၊ စောင်များအရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိသည်။

 ရသေ့တောင်မြို့ပေါ် မ  စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက အခုက အကူအညီမရတာ ၈ လရှိပြီ။ လူကယ်ပြန်ဆီက ရိက္ခာမရသလို   တစ်ခြားဘယ်အဖွဲ့အစည်းကမှလည်း အကူအညီမရဘူး။ ရိက္ခာတွေလည်းပြတ်နေတယ်။ ဆောင်းတွင်း ဝင်လာတော့ အနွေးထည်တွေ၊ စောင်တွေ အရမ်းလိုအပ်နေတယ်။ အပြင် အလုပ်လည်း ထွက်လုပ်လို့ မရတော့။ အကုန်အခက်အခဲဖြစ်နေကြပါပြီဟု ပြောသည်။

ယခုအခါရခိုင်တွင် ဆောင်းရာသီဝင်လာပြီဖြစ်၍ စစ်ဘေးရှောင်စခန်းများတွင် အနွေးထည်နှင့်စောင်များ လုံလောက်မှုမရှိ၍ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အချမ်းဒဏ်ကိုခံစားနေရပြီး စောင်နှင့်အနွေးထည်များလိုအပ်နေကြောင်း ၎င်းက ပြောသည်။

" အရမ်းချမ်းနေကြပါပြီ။ စောင်တွေ၊အနွေးထည်တွေလည်းမရှိကြတော့ပါဘူး။ အလှူရှင်တွေလည်း မရောက်တာကြာပါပြီ။ စားဖို့ပိုက်ဆံမရှိလို့ ရှိတာတွေ ရောင်းစားနေကြရပါတယ်။ မနေ့ကစပြီး အရမ်းချမ်းနေပါပြီ။ အစိုးရကပေးတာလည်း တစ်ခုမှမရှိဘူး။ အသက်ကြီးပိုင်းတွေလည်း အများကြီးရှိကြပါတယ်။ သူတို့အတွက် အဓိကပိုလိုပါတယ်။ စခန်းထဲမှ အလုပ်မရလို့ ငတ်ပြတ်နေကြတဲ့သူတွေတောင် ရှိပါတယ်"

လက်ရှိတွင် ဆောင်းရာသီအအေးဝင်လာပြီဖြစ်၍ အနွေးထည်များ အဓိကလိုအပ်နေပြီး စားနပ်ရိက္ခာလည်း အခက်အခဲရှိနေကြောင်း ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။

"အဓိကက ဆောင်းတွင်းရာသီရောက်နေပြီဖြစ်တာကြောင့် အနွေးထည်တွေ၊ စားနပ်ရိက္ခာတွေ လိုပါတယ်။ အပြင်မှာအလုပ်ကလည်း စစ်ဘေးရှောင်ကလူတွေအားလုံးကို ပေးနိုင်မယ့် အလုပ်ကမရှိဘူးလေ။ ဒါကြောင့် စားနပ်ရိက္ခာလည်းအခက်အခဲရှိပါတယ်။ နေရပ်ပြန်ဖို့သူတွေလည်း မရှိပါဘူး။ အခုချိန်မှာငြိမ်းချမ်းရေးယူထားတာလည်း မဟုတ်သေးဘူး။ နှစ်ဖက်အလွတ်သဘော အပစ်ရပ်ထားတာပဲရှိတာလေ။ ဒါကြောင့် နယ်ြေလုံခြုံမှုကလည်း မရှိသေးဘူးလေ။ ပြီးရင် သူတို့ပြန်ရမယ့်နေရာတွေမှာလည်း မိုင်းရှင်းလင်းရေးလုပ်ပေးတာတွေမရှိသေးဘူးလေ" ဟုပြောသည်။
လက်ရှိရခိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်ရပ်ထားသော်လည်း စစ်ဘေးရှောင်များမှာ မိမိတို့နေရပ်ကိုမပြန်ရဲဖြစ်နေကာ ၎င်းတို့၏ရပ်ရွာအနီးတွင် စစ်ကောင်စီတပ်စခန်းများ တပ်စွဲနေရာယူမှုများ ရှိနေသောကြောင့်လည်း စိတ်လုံခြုံမှုမရှိသလို ခံစားရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အေအေနဲ့မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့စဉ်က နေရပ်စွန့်ခွာထွက်ပြေးလာရပြီး ယနေ့အထိ နေရပ်ကိုမပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေမှာ ၆၀၀၀၀ ဝန်းကျင်ကျန်ရှိနေသေးကြောင်း သိရသည်။
လက်ရှိရခိုင်ပြည်တစ်ဝန်းလုံးက စစ်ဘေးရှောင်စခန်းများတွင် အစိုးရမှထောက်ပံ့သည့် ဆန်မရရှိသည့်အပြင် NGOအဖွဲ့အစည်းများကို စစ်ကောင်စီက သွားလာခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် NGOအဖွဲ့အစည်းများ၏ အထောက်အပံ့ကိုပါ စစ်ဘေးရှောင်များ မရရှိဖြစ်နေကြကြောင်း ပြန်လည်ပြီး ရိက္ခာများကို ကူညီထောက်ပံ့ပေးစေလိုကြောင်း  စစ်ဘေးရှောင်များက ပြောဆိုသည်။
ရခိုင်ကစစ်ဘေးရှောင်များအတွက် စစ်ကောင်စီမှထောက်ပံ့ကူညီမှုလည် မရှိသလို ပြင်ပ အလှူရှင်များကလည်း လာရောက်လှူဒါန်းမှု မရှိသောကြောင့် စားဝတ်နေရေးခက်ခဲမှုပြသနာကို လက်လုပ်လက်စားဘဝနဲ့ ဖြေရှင်းနေရကာ အလုပ်မရသည့်နေ့များတွင် အငတ်နေရသည်များလည်း ရှိကြောင်း စစ်ဘေးရှောင်များကပြောသည်။

(NN-8)

ဆက်စပ် သတင်းများ