Preview

စစ်တွေ ဆတ်ရိုးကျတံတားအောက်ရှိ စစ်ကောင်စီ၏ နေဗီရေယာဉ်မှ စက်လှေများကို စစ်ဆေးပြီး တရားမဝင် ငွေတောင်းခံမှုများရှိနေ

ဒီဇင်ဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :3957
ရခိုင် သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ ၁၇/၂၀၂၂

 

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဆတ်ရိုးကျတံတားအောက်တွင်ရှိသော စစ်ကောင်စီ၏နေဗီရေယာဉ်မှ စက်လှေများကိုစစ်ဆေးပြီး တရားမဝင် ငွေတောင်းခံမှုများရှိနေကြောင်း သိ၇သည်။

 

အဆိုပါဆတ်ရိုးကျတံတားအောက်တွင်ရှိသည့်နေဗီရေယာဉ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ယင်းအနီးအနားမှဖြတ်သန်းသွားလာသည့် စက်လှေများကိုအချိန်ကြာမြင့်စွာစစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့ကို ငွေကြေးပေးမှသာလျှင် ထွက်ခွာခွင့်ပေးကြောင်းစက်လှေသမားများကပြောသည်။

 

"တရားဝင်ဘယ်လောက်ပေးရမယ်လို့တော့မတောင်းဆိုဘူး။ ကျနော်တို့မှာက ဒီရေအတက်အကျနဲ့ သွားနေရတာဆိုတော့ အယင်သွားဖို့လိုလို့ လက်ဖက်ရည်ဖိုးဆိုပြီးသုံးသောင်း၊ လေးသောင်း ပေးခဲ့ရပါတယ်။ ခရီးသည်တွေကိုတော့ မှတ်ပုံတင်စစ်ပါတယ်။ငွေမပေးသေးရင်တော့ အချိန်အကြာကြီးဆွဲပြီးစစ်ပါတယ်။ မပေးရင် ထွက်၇မယ့် အခြေအနေလည်းမရှိဘူး " ဟုပြောသည်။

 

၎င်းပြင် မြန်မာနိုင်ငံတွင် တရားဝင် သယ်ယူခွင့်ပြုထားသည့်ဆန်နှင့် မီးဖိုချောင်သုံး ရိက္ခာများကိုလည်း စစ်ဆေးပြီး ငွေတောင်းခံလေ့ရှိသည်ဟု ဆိုသည်။

 

နောက်ထပ်စက်လှေသမားတစ်ဦးကလည်း"ကျနော်တို့မှာပါလာတဲ့ ခရီးသည်တွေကို အချိန်အကြာကြီး စစ်တယ်၊ ရစ်တာတွေရှိတယ်။ သူတို့ကိုလက်ဖက်ရည်ဖိုးဘာညာဆိုပြီးပေးလိုက်ရင်တော့ဘုတ်ထဲကိုဝင်ပြီးတောင် သေချာမစစ်တော့ဘူး။ လွတ်ပေးလိုက်ပါတယ်။ ကျနော်တို့ကလည်း လိုရာခရီးကိုသွားဖို့လိုနေတယ်ဆိုတော့ပေးခဲ့၇တာပါပဲ" ဟုပြောသည်။

 

ရခိုင်တွင်စစ်ပွဲယာယီရပ်ထားပြီဖြစ်သော်လည်းတစ်နေရာမှတစ်နေရာသို့ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် ဆန်၊ ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများကိုကန့်သတ်ကုန်များအဖြစ်သတ်မှတ်ထားပြီး တရားဝင်သယ်ယူခွင့်မ၇သေးကြောင်းဒေသခံများကပြောသည်။

 

ရခိုင်တွင်စစ်ကောင်စီနေဗီရေယာဉ်များသည် ခရီးသွားလာနေကြသည့် စက်လှေများထံမှ ငွေကြေး၊ ဆီနှင့် စားနပ်ရိက္ခာတောင်းခံမှုများကိုယခင်ကပြုလုပ်လေ့ရှိပြီး လက်ရှိရက္ခိုင့်တပ်တော်(အေအေ)နှင့် အပစ်ရပ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာသည့်နောက်ပိုင်းတွင်ထိုသို့တောင်းခံမှုများ မရှိသလောက်လျော့ကျသွားခဲ့သော်လည်း စစ်တွေမြို့ရှိ ဆတ်ရိုးကျတံတားအောက်တွင်ရှိသောစစ်ကောင်စီ၏နေဗီရေယာဉ်မှငွေညစ် တောင်းခံနေခြင်းဖြစ်သည်ဟု ဆိုသည်။

 

ရခိုင်တွင်ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်က နှစ်ဖက်ယာယအပစ်ရပ်ထားသော်လည်းစစ်ကောင်စီမှ နေ့စဉ်နှင့်အမျှ ရိက္ခာနှင့်စစ်အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.