Preview

ကျောက်တော်မဟာမုနိဘုရားတွင် တပ်စွဲထားသည့်တပ်ဖွဲ့မှ စစ်သား ၁ ဦး ထွက်ပြေးသွား၍ မဟာမုနိစစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက်ဝင်မွှေခဲ့ခြင်းဟုဆို

ဒီဇင်ဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :4241
ရခိုင် သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ၂၂/၂၀၂၂

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်ပြင်တွင်တပ်စွဲထားသည့်စစ်တပ်မှ စစ်သား ၁ဦးထွက်ပြေးသွားခဲ့သည့်အတွက် အနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်းကို သေနတ်ပစ်ဖောက်ကာ င်ရောက်မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများနှင့်စစ်ဘေးရှောင်များက ပြောသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းကိုဒီဇင်ဘာလ ၂၀ ရက်၊ ည ၉ နာရီခန့်တွင် မဟာမုနိဘုရား ရင်ပြင်တွင်တပ်စွဲထားသည့်စစ်တပ်မှ စစ်သားအင်အား၂၀ ခန့် လက်နက်များဖြင့်ဝင်ရောက်ကာ သေနတ်ပစ်ဖောက်ပြီး စခန်းတစ်ခုလုံးကိုဝင်ရောက်မွှေနှောက်ရှာဖွေသွားခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ရိုက်နှက်ဖမ်းဆီးတာတွေတော့ မလုပ်ခဲ့ဘူး။ဘာကြောင့် အခုလို ဝင်မွှေတာလဲဆိုတာ အစပိုင်းက မသိခဲ့ဘူး။ ကျနော်တို့ နောက်ပိုင်းသိ၇တာက သူတို့ဆီက စစ်သား ၁ ယောက် ထွက်ပြေးသွားတဲ့ အတွက် အခုလို လာရှာတာလို့ သိ၇ပါတယ်ဟု ပြောသည်။

စစ်သားများ စစ်ဘေးရှောင်စခန်းအတွင်းသို့လာမရှာမီ ဘုရားရင်ပြင်မှနေ၍ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့သလို ည ၁၁ နာရီခန့်တွင်ရှာဖွေပြီးနောက် စစ်သားများ ဘုရားရင်ပြင်သို့ ပြန်အရောက်တွင်လည်းနောက်ထပ် သေနတ် ၂ ချက် ထပ်မံ ပစ်ဖောက်ခဲ့သည်ဟု စစ်ဘေးရှောင်များကပြောသည်။
ယင်းသို့ညအချိန်မတော် သေနတ်ပစ်ဖောက်ခဲ့မှုများနှင့် စခန်းအတွင်း လက်နက်အပြည့်အစုံဖြင့်ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့မှု တို့ကြောင့် စခန်းထဲနေသူများအထူးစိုးရိမ်ကြောက်လန့်ခဲ့၇သည်ဟု ဆိုကြသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင်အိမ်ထောင်စု ၃၅၀ နှင့် လူဦးရေ ၁၆၀၀ ကျော်ရှိပြီး ၂၀၂၀ပြည့်နှစ်အတွင်းတိုက်ပွဲများကြောင့် ကျောက်တော်နှင့်အနီးတဝိုက်ကျေးရွာမှထွက်ပြေးလာသည့် ဒေသခံများ ဝင်ရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
စစ်သား ၁ ဦးထွက်ပြေးသွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး နိရဥ္စရာအနေဖြင့် မေးမြန်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုး၇အဖွဲ့ ပြောခွင့်ရသူဦးလှသိန်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။
ပြီးခဲ့သည့် နိုဝင်ဘာလ၂၆ ရက်မှစတင်ကာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့်နှစ်ဘက် အပစ်အခတ်ရပ်စဲထားသော်လည်း မဟာမုနိဘုရားတွင် စစ်သား အင်အား ၆၀ ခန့်ကဆက်လက်နေရာယူ တပ်စွဲထားဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သူတို့သည် ယခုနှစ်အစောပိုင်းမှစတင်ကာ မဟာမုနိဘုရားရင်ပြင်တွင်တပ်စွဲနေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မေလ ၂၂ရက် နေ့လယ် ၁ နာရီခန့်ကလည်း သူတို့ထဲမှ ကိုယ်ပိုင်အမှတ် (၄၃၇/၂၁၅)ဖြစ်သူ ဒုတပ်ကြပ် ကံကောင်း (၃၀နှစ်)ဆိုသူသည် နောက်ထပ် စစ်သား ၂ ဦးနှင့်အတူ လက်နက်မဲ့ ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
ဒုတပ်ကြပ် ကံကောင်းသည်ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အနီးအနားရှိ AA တပ်စခန်းတစ်ခုသို့သူတစ်ဦးတည်း အလင်းဝင်ရောက်လာခဲ့ပြီး ကျန် ၂ ဦးမှာ မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကိုမသိခဲ့ဟုယင်းအချိန်က AA နှင့်နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောဆိုခဲ့သည်။
ယခုရက်ပိုင်းထွက်ပြေးသွားသည်ဆိုသည့်စစ်သားသည်လည်း AA ထံသို့ခိုလှုံလာခြင်းရှိ/မရှိAA ထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
AA ပြောခွင့်ရသူ ဦးခိုင်သုခကစစ်ကောင်စီဘက်မှ စစ်သားရာနှင့်ချီသည် AA ထံ အလင်းဝင်ရောက်မှုများရှိပြီးနောက်ထပ်လည်း ဝင်ရောက်လာရန် ဆက်သွယ်ထားခြင်းမျိုး ရှိနေသေးသည်ဟုပြီးခဲ့သည့်လပိုင်းအတွင်း အွန်လိုင်းမှသတင်းစာရှင်းလင်းပွဲများတွင်သတင်းထောက်များကို ပြောဆိုခဲ့ဖူးသည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.