နိရဉ္စရာ၊ဒီဇင်ဘာ ၂၂/၂၀၂၂
ရခိုင်ပြည်နယ်၊အမ်းမြို့တွင် ကွန်ကရစ်လမ်းခင်းသည့်နေရာမှ သံတိုသံစများ ခိုးယူသည်ဟုဆိုကာ ဖမ်းဆီးခံထား၇သည့် အသက်မပြည့်သေးသည့် စစ်ဘေးရှောင်ကလေးငယ် ၄ ဦး ယမန်နေ့ဒီဇင်ဘာလ၂၁ ရက်၊ ညနေ ၆ နာရီကျော်ခန့်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိ၇သည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်ကလေးငယ်လေးဦးမှာ အမ်းမြို့တွင် စစ်ဘေးရှောင်နေကြသည့် မောင်မောင်လင်း (၇ နှစ်)၊ မောင်ဟန်လင်း(၁၀ နှစ်)၊ မောင်နေလင်းဦး (၁၀ နှစ်)၊ မောင်ဇော်မင်းနိုင် (၉ နှစ်)တို့ဖြစ်ကြသည်။
၎င်းကလေးငယ်၄ ဦးသည် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုမှ ဖြစ်ကြပြီး လက်ရှိ အမ်းမြို့ပေါ်တွင် မိဖများနှင့်အတူ စစ်ဘေးရှောင်နေကြသူများဖြစ်ကြသည်ဟု သိ၇သည်။
၎င်းတို့လေးဦးကိုယမန်နေ့ဒီဇင်ဘာလ ၂၁ ရက် နေ့လည် ၂ နာရီခန့်က အမ်းမြို့နယ်တရားရုံးသို့ ချုပ်ရမန်ယူရန်ရုံးထုတ်ခဲ့သော်လည်း ကလေးသူငယ် ဥပဒေနှင့်မကိုက်ညီ၍ တရားရုံးက လက်မခံ၍ အမ်းမြို့မရဲစခန်းသို့ပြန်ခေါ်ယူလာပြီးနောက်ပိုင်း ညနေ ၆ နာရီကျော်ခန့်တွင် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်းမိသားစုဝင်များကပြောသည်။
"ညနေ၆ နာရီလောက်မှာ ပြန်လွတ်လာတာပါ။ ကလေးတွေကို ဒီမှာထုတ်ပေးထားပြီ နင်တို့မိဘတွေကပြန်ခေါ်ဖို့လာဆိုပြီးပြောပါတယ်။ နောက်တစ်ခါဆိုလို့ရှိရင် ဒီလိုတွေမဖြစ်ရအောင် မိဘကဆုံးမရမယ်။ အိမ်ကနေ ဘယ်ကိုသွားကြလဲကိုယ့်သားသမီးကို ကိုယ်ထိန်း၇မယ်ဆိုပြီး ပြောလိုက်ပါတယ်။သံတို့သံစဝယ်လိုက်တဲ့ ဆိုင်ရှင်ကလည်း လွတ်လာပါပြီ။ ကျမသားကတော့ အခုအနာတွေပေါက်လို့ဖျားနေပါတယ်။ ဒီဇင်ဘာကျောင်းမပိတ်ခင် စာမေးပွဲဖြေရတာလည်း အဖမ်းခံထားရလို့ ကျမသားကမဖြေလိုက်၇ဘူး"ဟုပြောသည်။
၎င်းတို့လေးဦးသည်ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်၊ ညနေပိုင်းက အမ်းမြို့ ဦးဥတ္တမကုန်းအနီးရှိ ကွန်ကရစ်လမ်းခင်းနေသည့်နေရာမှသံတိုသံစတချို့ကို ကောက်ယူကာ ၎င်းတို့မုန့်ဖိုးရရှိရန်အတွက် သံတိုသံစရောင်းသည့် ဆိုင်တွင်ရောင်းပြီးသည့်နောက်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိ၇သည်။
၎င်းတို့ကိုအမ်းမြို့မရဲစခန်းမှ ရဲသားတစ်ဦးနှင့် ကွန်ကရစ်လမ်းခင်းသည့်နေရာမှ အလုပ်သမား ၂ ဦးတို့က ဖမ်းဆီးခဲ့ပြီး အမ်းမြို့မရဲစခန်းတွင်ငါးရက်တိုင်တိုင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိ၇သည်။
(ပုံစာ-ကလေးငယ်များအား ဒီဇင်ဘာလ ၂၁ ရက်က ရုံးထုတ်လာသည်ကို တွေ့၇စဉ်)