နိရဥ္စရာ၊ဒီဇင်ဘာ ၂၆/ ၂၀၂၂
စစ်တွေမြို့တွင်မြို့နယ်စာရေးဆရာအသင်းနှင့် စာပေချစ်သူများက အသက် ၇၅ နှစ်နှင့်အထက်သက်ကြီးစာရေးဆရာ ၁၁ ဦးအား ပထမဆုံးအကြိမ် ပူဇော်ကန်တော့ပွဲတစ်ခုကို ယမန်နေ့ ဒီဇင်ဘာ ၂၅ရက်ကပြုလုပ်ခဲ့ကြသည်ဟု သိ၇သည်။
ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဆရာလွမ်းပြေအောင် (စစ်တွေ)က “ဂါ၇ဝေါစနိဝါတောစဆိုသလို ကိုယ့်ထက်အသက်၊ ဝါကြီးတဲ့၊ ဂုဏ်အားဖြင့်ကြီးတဲ့ ကိုယ့်ဒေသက သက်ကြီးစာရေးဆရာတွေကိုစာပေဂုဏ်ကို လေးစားကြည်ညိုတန်ဖိုးထားတဲ့အနေအားဖြင့်လည်းကောင်း၊ အသက်ကြီးခြင်းဂုဏ်ကို ထောက်ထားခြင်း အားဖြင့်လည်းကောင်း၊ စာပေဝါသဘာအစဉ်အလာ၊ပညာဂုဏ်ကို ထောက်ခြင်းအားဖြင့်လည်းကောင်း၊ကိုယ့်ထက်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကို ကိုယ့်ရဲ့ဗုဒ္ဓဘာသာအစဉ်အလာအတိုင်းဒီလို ပူဇော်ကန်တော့ခြင်းသည် ကောင်းတဲ့မင်္ဂလာနဲ့လည်း၊ ကောင်းမြတ်တဲ့မင်္ဂလာတရားလည်းဖြစ်တယ်ဆိုပြီးတော့စစ်တွေမြို့နယ်စာရေးဆရာအသင်းနဲ့ စာပေချစ်သူများပူးပေါင်းပြီးတော့ အခုဒီ မနေ့က ၂၅ ရက်နေ့က သက်ကြီးစာရေးဆရာပူဇော်ကန်တော့ပွဲကို ကျင်းပ၇ခြင်းဖြစ်တယ်”ဟု ပြောသည်။
ကန်တော့ပွဲ အခမ်းအနားကိုစစ်တွေမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုဗဟိုပြုခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသိ၇သည်။
အပူဇော်ခံသက်ကြီးစာရေးဆရာ ၁၁ဦးမှာ ဆရာကြီးဦးအောင်ကြီးသာ (၉၁)နှစ်၊ ဆရာကြီးဒေါက်တာအောင်ချစ် (၈၉)နှစ်၊ ဆရာကြီးဦးဓညသာ (၈၄)နှစ်၊ ဆရာကြီး ဦးမောင်ဗသိန်း (၈၃)နှစ်၊ ဆရာကြီး အနောက်သား(စစ်တွေ) (၈၃)နှစ်၊ ဆရာကြီး မြောက်ဦးအနီချေ (၈၃)နှစ်၊ ဆရာကြီးကျွန်းသားငမန်း (၇၉)နှစ်၊ ဆရာမကြီး သဇင်နု (ဓညာမြေ) (၇၉)နှစ်၊ ဆရာကြီးဗဂျီးကျော် (စစ်တွေ) (၇၉)နှစ်၊ ဆရာကြီး ရက္ခိုင်ပြည်သား (ရ၇)နှင့် ဆရာကြီးစစ်တွေသိန်းနောင် (၇၅)နှစ်တို့ဖြစ်ကြသည်။
သူတို့အနက်၆ ဦးသာ အခမ်းအနားသို့ကိုယ်တိုင်တက်ရောက်နိုင်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိခဲ့သည့် ၅ဦးကိုမူ အိမ်တိုင်ယာရောက်သွားရောက်ပူဇော် ကန်တော့ခဲ့ကြသည်ဟု သိ၇သည်။
ပူဇော်ကန်တော့ရာတွင်သက်ကြီးစာရေးဆရာတစ်ဦးလျှင် ဂုဏ်ပြုလက်မှတ်တစ်ခုနှင့် ကျပ် ၁သိန်းစီပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။
အပူဇော်ခံစာရေးဆရာကြီးတစ်ဦးဖြစ်သည့် ဗဂျီးကျော်(စစ်တွေ)က “ဒီလိုသက်ကြီးပူဇော်ပွဲတစ်ခု ဖြစ်အောင် လုပ်ဆောင်ကြတဲ့စာရေးဆရာအသင်းဝင်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါဟာ စစ်တွေမြို့နယ်စာရေးဆရာအသင်း အသင်းသူ၊ အသင်းသားတွေရဲ့ ညီညွတ်မှုကို ပြတာပါ။ ပြီးတော့အသက် ၇၅ နှစ်အထက် သက်ကြီးစာရေးဆရာတွေကို ပူဇော်ကန်တော့တာဟာလုပ်သင့်လုပ်ထိုက်တဲ့၊ မင်္ဂလာနဲ့ ပြည့်စုံတဲ့လုပ်ခြင်းတစ်ရပ်ပါ။ ပြီးတော့စစ်တွေမြို့ဟာ ၇ခိုင်ပြည်နယ်မြို့တော်ဖြစ်တဲ့အတွက်ဖြစ်အောင်လုပ်သင့်တဲ့ပွဲပါ။ နှစ်စဉ်နှစ်တိုင်းလည်း ကြိုးစားပြီးတော့ လုပ်ကြစေပါတယ်”ဟု ပြောသည်။
စစ်တွေတွင်သက်ကြီးစာရေးဆရာပူဇော်ကန်တော့ပွဲကို ယခင်ကလည်း စစ်တွေရှိ စာရေးဆရာများနှင့်မီဒီယာသမားများကပူးပေါင်း၍ (၄)ကြိမ်မြောက်အထိ ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။