သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦး လေးမြို့ချောင်းတွင် စက်လှေမှောက်၍ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်၏ အလောင်းအား ၃ ရက်ခန့်အကြာတွင်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/၂ဝ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် လေးမြို့ချောင်းတွင် စက်လှေမှောက်၍ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်၏ အလောင်းအား ၃ ရက်ခန့်အကြာတွင်တွေ့ရှိခဲ့သည်ဟု သိရသည်။

ရှာဖွေတွေ့ရှိခဲ့သည့်အလောင်းမှာ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်မှ မစိုးစိုးဆန်း(ခေါ်) ပုစုချေ (၁၈)နှစ်ဖြစ်သည်။

သူမ၏ရုပ်အလောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်က မြောက်ဦးမြို့နယ် မြရိတ်ကျွန်းကျေးရွာအနီးရှိ လေးမြို့ချောင်းထဲတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကူညီရှာဖွေပေးခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း အရေးပေါ်လူမှုကူညီရေးနှင့် သွီးလှူရှင်များအသင်းမှ ကိုလင်းလင်းက နိရဥ္စရာကို ပြောသည်။

ရုပ်ပျက်ဆင်းပျက်တော့ သိပ်မဖြစ်သေးဘူး။ ဘာလို့ဆို အဲဒီဘက်မှာ ရေက အရမ်းအေးတော့လေ။ မျက်နှာ နည်းနည်းလေး ဖူးရောင်နေတာပဲ ရှိတယ်ဟု ပြောသည်။

သူမ၏အလောင်းအား ရှာဖွေတွေ့ရှိပြီးနောက် မြောက်ဦးမြို့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း ဆိုသည်။

မစိုးစိုးဆန်းသည် ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် လေးမြို့မြစ်အတွင်း သူငယ်ချင်းများနှင့်အတူ စက်လှေဖြင့် အပျော်ခရီးသွားစဉ် မြစ်အတွင်း စက်လှေနစ်မြုပ်၍ ယင်းနေ့ကပင် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

စက်လှေပေါ်ပါရှိသည့် အခြားသူများမှာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ရခိုင်တွင် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ (၅)ရက်အတွင်း မစိုးစိုးဆန်းအပါအဝင် ရေနစ်သေဆုံးသူ ၆ ဦးအထိရှိလာနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုလာဘာရွာမှ မစုမြတ်နှင်း (၃)နှစ်၊ ကိုးတန်းကျောင်းသူ မစုမြတ်လှိုင် (၁၆)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်မဖြူ (၃၈)နှစ်တို့ သားမိ ၃ ဦးလည်း ကျေးရွာအနီးရှိ သူတို့ပိုင် ဥယျာဉ်ခင်းအနီး စမ်းချောင်းတွင် ရေနစ်သေဆုံးသွားကြောင်း သိရသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာမှ ဦးအောင်မျိုးထွန်း(၃၈)နှစ်လည်း ဒီဇင်ဘာလ ၂၁ ရက်၊ နံနက် ၁၁ နာရီကျော်တွင် ရွာအနီးရှိ ချောင်းအတွင်း ငါးဖမ်းသွားရာမှ စက်လှေပေါ်မှပြုတ်ကျကာ ရေနစ်သေဆုံးသွားခဲ့သည်။

ယင်းအပြင် ယင်းနေ့တွင်ပင် ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးသန်းရွှေလှိုင် (၄ဝ ကျော်)သည်လည်း စက်လှေနစ်မြုပ်ပြီး သေဆုံးခဲ့သည်။

ဓာတ်ပုံ - လေးမြို့ချောင်းအတွင်း ရေနစ်သေဆုံးသွားသည့် မစိုးစိုးဆန်း၏အလောင်းအား ရှာတွေ့ခဲ့စဉ်။

Photo - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ