စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်စတင်ကျင်းပမည့် ဆယ်တန်းသင်ရိုးစနစ်ဟောင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ရခိုင်တွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူ ၁၉၀၀၀ ကျော်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉/၂၀၂၂

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဆယ်တန်းသင်ရိုးစနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ  ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရခိုင်တွင် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ကျောင်းသူ  အရေအတွက်မှာ ၁၉၀၀၀ ကျော်ရှိကြောင်း သတင်းရရှိသည်။

လာမည့်နှစ် ၂၀၂၃ ခုနှစ်တွင် ဖြေဆိုရမည့်တက္ကသိုလ်ဝင်စာမေးပွဲသည် ဆယ်တန်းသင်ရိုးစနစ်ဟောင်း အတွက် နောက်ဆုံးအကြိမ်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်တွင်၂၀၂၃ ခုနှစ် မတ်လတွင် ဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်း ပေးထားသူဦးရေမှာ ၁၉၁၆၅ ဦးရှိပြီး ကျောင်းတွင်းဖြေဆိုမည့်သူ ၄၀၈ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၁၈၇၅၇ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန ၂၁၈ ခုကို ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုမည့်သူဦးရေနည်းသဖြင့် ယခင်နှစ်ထက် စာစစ်ဌာန အရေအတွက် လျော့နည်းနိုင်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဉ္စရာသို့ ပြောသည်။

"မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မကြာခင်မှာ သတ်မှတ်ပေးပါလိမ့်မယ်။ ဆိုလိုတာက ရသေ့တောင်မြို့နယ် နေနဲ့ ဥပမာပြောရင် စာဖြေသူတစ်ထောင်ကျော်ဆိုရင် ကျောင်းတစ်ကျောင်းမှာ ငါးရာ၊ လေးရာဆိုရင် သုံးကျောင်းလောက်ပေါ့၊ မြို့ပေါ်ကျောင်းတွေလောက်ပဲ။ အရင်ကဆိုရင် နယ်စာစစ်ဌာနတွေရှိတယ်။ ဒီနှစ်မှာတော့ မြို့ပေါ်လောက်ပဲ ယူဆတယ်။ အရင်တုန်းက ခုနှစ်ခုဆိုရင် အခု သုံး၊လေးခုလောက်ပဲဖြစ်နိုင်မယ်။ အတိအကျတော့မသိသေးဘူး" ဟုပြောသည်။

လက်ရှိတွင် ပြည်နယ်ပညာရေးမှူးရုံးမှ ရရှိထားသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူစာရင်းသည် မြို့နယ်အသီးသီးမှ စာဖြေဖို့တင်ပြထားသည့်စာရင်းဖြစ်ပြီး မြန်မာနိုင်ငံစာစစ်ဌာနသို့ သီးခြား တင်ပြသည့် တစ်ဦးစ တစ်ယောက်စလည်းရှိကောင်းရှိနေနိုင်သေးသည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်မှ ဆက်ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူဦးရေ ၄၁၇၅၃ ဦးဖြေဆိုခဲ့ပြီး ၁၉၇၂၉ ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ မတ်လ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

 

(NN-8)

ဆက်စပ် သတင်းများ