သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့တည်နှစ် (၁၁၄) နှစ်မြောက်အထိမ်းအမှတ် ကဗျာရွတ်ပွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀ /၂ဝ၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် မြို့တည်နှစ် (၁၁၄) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ပွဲ တစ်ခုကို ဒီဇင်ဘာ ၂၉ ရက် ညတွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါကဗျာရွတ်ပွဲကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၇ နာရီမှစတင်ကာ ည ၉ နာရီခွဲအထိ ဘူးသီးတောင်မြို့၊ (၅)ရပ်ကွက်ရှိ ရွှေကျင်ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စာရေးဆရာအသင်းက ဦးဆောင်၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကဗျာရွတ်ပွဲသို့ ဘူးသီးတောင်မြို့နယ်အတွင်းမှ ကဗျာဆရာများ၊ ကဗျာဝါသနာရှင်များ၊ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့် စိတ်ပါဝင်စားသူများ အင်အား ၈ဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု ပွဲဦးဆောင်သူများက ပြောသည်။

ဘူးသီးတောင်မြို့ကို တည်လာသည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၁၁၄ နှစ်မြောက်ဖြစ်လာပြီဆိုသည်ကို အများက သိစေလိုသည့်ရည်ရွယ်ချက်ဖြင့် ယခုနှစ်တွင် ကဗျာရွတ်ပွဲငယ်လေးဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကဗျာရွတ်ပွဲ ဦးဆောင်သူတစ်ဦးက ပြောသည်။

"  ကျွန်တော်တို့ ဘူးသီးတောင်မြို့ဆိုတာက သမိုင်းဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေတဲ့မြို့ပါ။ ဒီမြို့မှာ ဒီလူတွေကြောင့် ဒီသမိုင်းဝင်မြို့လေးဟာ ခုချိန်ထိ တည်တည်တံ့တံ့နဲ့ ရည်တည်ရှင်နေဆဲပါ။ ဒီမြို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော၊ ဒီမြို့သက်တမ်း ၁၁၄ နှစ်ပြည့်မြောက်ခဲ့ပြီဆိုတာကိုရော သိစေချင်တဲ့ အတွက် ခုလို ကဗျာရွတ်ပွဲကို ကျင်းပရတာပါ"ဟု ၎င်းပြောဆိုသည်။

ဘူးသီးတောင်မြို့ကို ၁၉ဝ၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိတွင် မြို့ပေါ်တွင် ရပ်ကွက် (၇)ခုရှိသည်။

မြန်မာနိုင်ငံ၏အနောက်ဘက်နယ်စပ်ဖြစ်သော မောင်တောခရိုင်အတွင်း ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်မြို့တစ်မြို့လည်း ဖြစ်သည်။

ဆက်စပ် သတင်းများ