သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်တွင် ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပွား၍ ကျောင်းဆောင်တစ်ဆောင်ပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်ရှိ ပညာပါရမီဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။ 

ယနေ့ ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်း ညဉ့် ၁ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျဉ်စီပျဉ်ကာအမျိုးအစား ကျောင်းဆောင်တစ်ဆောင်မီးလောင် ပျက်စီးသွားကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။

"ညတုန်းက မီးလောင်တာကို မြင်ရတယ်။ မနက်သွားကြည့်တော့ ကျောင်းဆောင်ပါ သွားတာတွေ့ရတယ်"ဟု ပြောသည်။ 

မီးလောင်မှုမှာ ဝါယာရှော့ခ်ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံအများစုက ပြောဆိုကြသည်။ 

"မီးက ရှော့ခ်ဖြစ်တာဖြစ်နိုင်တယ်။ တခြားနေရာတွေကိုမီးကူးတာတော့ မရှိခဲ့ဘူး။ မီးကူးရင်တော့ အဲ့ဒီအနီးမှာ ဓာတ်ဆီဆိုင်ရှိတော့ အကုန်ကုန်နိုင်တယ်"ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အတိအကျသိနိုင်ရန် ရသေ့တောင်မီးသတ်ဦးစီးဌာနကို နိရဥ္စရာက ဆက်သွယ်နေဆဲဖြစ်သည်။ 

အောက်တိုဘာလ ၃ဝရက်နေ့က စစ်တွေမြို့၊ အင်ဘာလာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်လေးလုံးဆုံးရှုံးခဲ့ရပြီး စက်တင်ဘာ ၁၁ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ စျေးမီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး၊ ဆိုင်ခန်း ၃၅ ခန်း မီးလောင်ကျွမ်းသွားခဲ့ကာ လူပေါင်း ၈၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။

(NN-7)

ဆက်စပ် သတင်းများ